ဖေဖော်ဝါရီလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ယမန်နေ့က ကျရောက်သည့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွဲတောင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း Mon State Revolution Force-MSRFက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
မလွဲတောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် အပေါ်တည့်တည့်ကို ဒရုန်းဖြင့် ဗုံးသီး(၂) လုံးကြဲချခဲ့ခြင်းဖြစ်ပြီး ၎င်းအနီးရှိ စစ်ကောင်စီစခန်းကုန်းအတွင်းကိုလည်း ဗုံးသီး(၅)လုံး ကြဲချခဲ့ကြောင်း MSRF မှ ရဲဘော်တလနိုင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တာဖြစ်တယ်။ နှစ်လုံးကတော့ စစ်ဆေးနေတဲ့နေရာကို တိုက်ခိုက်ခဲ့တယ်။ နောက်ထက် ငါးလုံးကတော့ စခန်းထဲက အရာရှိတွေ တပ်သားတွေ နေထိုင်တဲ့နေရာကို ကြဲတယ်။ ရန်သူဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဘူး။ သို့ပေမဲ့လည်း အဆောက် အအုံတွေ ထိခိုက်ပျက်စီးမှုတော့ရှိခဲ့တယ်။” ဟု ပြောသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ကံပေါက်ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၄) ၏ ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ ABSDF၊ Ye Air Force-YAF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် (၁) တပ်ရင်း (SKY ghost drone force) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ထို့အပြင် မွန်-တနင်္သာရီအခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်ဖက် ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေး အခြေအနေများရှိသောကြောင့် အထိမ်းအမှတ်နေ့များတွင် အတူတကွစစ်ဆင်ရေးများ အတူတကွ ဆက်လက်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ရဲဘော် တလနိုင်က ဆက်ပြောသည်။
အဆိုပါ မလွဲတောင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီအင်အား(၂၀) ဝန်းကျင်ခန့်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင်များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ သောကြောင့် (၅)နာရီကျော်ကြာ လမ်းပိတ်သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။