Home တွေ့ဆုံမေးမြန်းခန်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) ၏ ပြန်ကြားရေးတာဝန်ခံ ကိုနတ်မောက်နှင့် ဆက်သွယ်မေးမြန်းချက်။

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) ၏ ပြန်ကြားရေးတာဝန်ခံ ကိုနတ်မောက်နှင့် ဆက်သွယ်မေးမြန်းချက်။

573
Photo: Taungoo Battalion (3501)

“အခုကတော့ ရန်ကုန်က ဆက်သွယ်တယ်။ ဧရာဝတီက ဆက်သွယ်တယ်။ ချင်းဘက်နဲ့ နေပြည်တော်ဘက်ကပါ ဆက်သွယ်လာတယ်။ ကျနော်တို့က လက်တော့ခံပါတယ် ဒါပေမဲ့ ကိုယ့်နီးစပ်ရာပဲ ဆက်သွယ်ပြီးတော့ စာရင်းပေးသွင်းစေချင်တယ်”

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြဌာန်းလိုက်သလို စစ်သင်တန်းတက်ရန် လူအင်အား စုဆောင်းမှုများကြောင့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ သတ်မှတ်ချက်ပြည့်မီသူ လူငယ်အချို့သည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရန် နီးစပ်ရာတော်လှန်ရေးအင်အားစုများထံ ဆက်သွယ်လာကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မသွင်းမီက ဌာနေပြည်သူ့စစ်သင်တန်းအတွက် မြို့နယ်ကျေးရွာများတွင် စစ်ကောင်စီတပ်က အတင်းအဓမ္မလူစုဆောင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်လိုသည့် လူငယ်များလည်း အများအပြားရှိနေသည်။

တော်လှန်ရေးအင်အားစုများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ရင်း (၃၅၀၁) သို့ ဆက်သွယ်လာသည့် လူငယ်များအား တပ်ရင်းမှ နေရာချထားပေးမှုအပိုင်း၊ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်ပြီး တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုနတ်မောက်နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိ ဌာနေပြည်သူ့စစ် တပ်သားစုဆောင်းနေမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်ရင်းနဲ့လာပြီး ဆက်သွယ်လာသူ ဘယ်လောက်ရှိနေပါလဲ။ ပြောပြပေးပါဦး။
ဖြေ။ ။ ပြည်သူ့စစ် စကောက်တုန်းက လာမေးကြတဲ့သူတွေရော ဥပဒေထွက်လာပြီးနောက်ပိုင်း ဆက်သွယ် လာတဲ့သူတွေရော ရာဂဏန်းနီးပါး ရှိပါတယ်။ လောလောဆယ်က စာရင်းပေးထားတဲ့အနေအထားပဲ။ ကျနော်တို့သင်တန်းပေးဖို့ကတော့ လက်မခံရသေးပါဘူး။ လာချင်ရင်တော့ ကျနော်တို့သတ်မှတ်တဲ့ဧရိယာအထိ ရောက်အောင်လာနိုင်မှ ကျန်တာဆက်စီစဥ်ပေးပါတယ်။ လက်တွေ့သင်တန်း စဖွင့်ရက်ရောက်ပြီဆိုရင်တော့ တကယ်ရရှိတဲ့ ရဲဘော်အရေအတွက်ကို သိရမှာဖြစ်တယ်။ အခုကတော့ ရန်ကုန်က ဆက်သွယ်တယ်။ ဧရာဝတီက ဆက်သွယ်တယ်။ ချင်းဘက်နဲ့ နေပြည်တော်ဘက်ကပါ ဆက်သွယ်လာတယ်။ ကျနော်တို့က လက်တော့ခံပါတယ် ဒါပေမဲ့ ကိုယ့်နီးစပ်ရာပဲ ဆက်သွယ်ပြီးတော့ စာရင်းပေးသွင်းစေချင်တယ်။ တောင်ငူ၊ ရေတာရှည်၊ ပြည်၊ ပေါက်ခေါင်းဘက်ဆိုရင်တော့ ကျနော်တို့သတ်မှတ်ထားတဲ့ ဧရိယာတဝိုက်ကိုလာဖို့ ပြောထားပါတယ်။

မေး။ ။ သင်တန်းတက်ဖို့ရောက်လာမယ့် လူငယ်တွေအတွက် တပ်ရင်းအနေနဲ့ ဘယ်လိုစီစဥ်ပေးသွားမှာပါလဲ။
ဖြေ။ ။ လောလောဆယ် လာမယ့်သင်တန်းသားတွေအတွက် စီစဥ်ထားတာရှိပါတယ်။ သက်ဆိုင်ရာ လူကြီးတွေကိုလည်း ကြိုတင်ပြီးသတင်းပို့ထားပါတယ်။ သူတို့ကလည်း ရဲဘော်အသစ်၊ တပ်ဖွဲ့ဝင်အသစ်တွေ လာခဲ့မယ်ဆိုရင် ကြိုဆိုဖို့ပြောပါတယ်။ တပ်သားသစ်တွေအတွက် အဓိကလိုအပ်တာက စားနပ်ရိက္ခာပါ။ နေဖို့ထိုင်ဖို့က ကုန်ကျစရိတ်သိပ်မရှိဘူး။ စားစရာ၊ သောက်စရာအတွက်ကတော့ ကျနော်တို့ဘက်က လူစာရင်း အတိအကျရရင် သူတို့ဘယ်လိုစီစဥ်ပေးနိုင်မလဲ တင်ပြထားတယ်၊ အကြောင်းကတော့ ပြန်မလာသေးဘူး။

လူအလုံးအရင်းအလိုက် လက်ခံပြီ၊ ဝင်လာပြီဆိုရင်တော့ ရိက္ခာပိုင်းအတွက်ကတော့ ဖူလှုံမှုရှိအောင် MOD နဲ့ ပြင်ပအလှူရှင်တွေရဲ့ အစီအစဥ်နဲ့ စီစဥ်ရမယ်။ နေထိုင်ရေးနဲ့ ဝတ်စားဆင်ယင်ရေးကလည်း မပူရပါဘူး။ နောက် အဓိက ကတော့ လက်နက်ခဲယမ်းပါပဲ လက်နက်နဲ့ကျည်ရှိရင်ရပြီ။ အခုလက်ရှိရှိနေတဲ့ လူတွေအတွက်တောင် ၃၀ ရာခိုင်နှုန်းလောက်ပဲ မောင်းပြန်ရှိတယ်။ ကျန်တာက လက်လုပ်တွေချည်းပဲ ဒါတွေပဲ ကိုင်ခိုင်းထားရတယ်။

မေး။ ။ ၃၅၀၁ တပ်ရင်းရဲ့ ရဲဘော်ဖြစ်ဖို့ ဘယ်လိုအရည်အချင်း ကန့်သတ်ချက်တွေရှိပါလဲ။
ဖြေ။ ။ ကျနော်တို့သတ်မှတ်တဲ့ ဧရိယာအထိ ရောက်အောင်လာနိုင်မှ ကျန်တာဆက်စီစဥ်ပေးမယ်ဆိုတာက ကျနော်တို့တုန်းက ဒီတပ်ရင်းတပ်ဖွဲ့တွေထူထောင်တာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ထူထောင်လာရတာဖြစ်ပါတယ်။ အဲဒီတော့ လူငယ်တွေလည်း အဲ့လောက်စိတ်ဓာတ်ပြင်းထန်ပြီး စွန့်စားမှုလုပ်နိုင်မှ လက်ခံမယ်ဆိုတဲ့သဘောပါပဲ။ အရည်အချင်းကတော့ အရပ်က ၅ ပေ ၄ လက်မပေါ့။ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမယ်၊ လက်ရှိ တည်ဆဲ ဥပဒေတွေနဲ့ ကင်းလွတ်ရမယ်ပေါ့။ ပြီးရင် သင်တန်းပြီးဆုံးအောင် တက်နိုင်ရမယ်။ တက်ပြီးရင် ကျရာတာဝန်ကို အနည်းဆုံး (၂)နှစ် တာဝန်ထမ်းဆောင်ရပါမယ်။ ပညာအရည်အချင်းကတော့ မကန့်သတ်ထားပါဘူး။

မေး။ ။ တပ်ရင်း (၃၅၀၁) ရဲ့လက်အောက်ခံ တပ်ခွဲဘယ်လောက်လောက်ရှိပါလဲ။ ဘယ်နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်တာလဲဆိုတာကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ ၃၅၀၁ အောက်မှာ တပ်ခွဲပေါင်း ၆ ခု ရှိပါတယ်။ စစ်တောင်းမြစ်အနောက်ဖက်ခြမ်းမှာ တပ်ခွဲ ၁, ၅, ၆ ရှိပါတယ်။ နောက်ပြီး အဲဒီဘက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ RV စစ်ကြောင်းရှိတယ်။ တပ်ခွဲ ၂, ၃, ၄ ကတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာပါ။ အဲဒီမှာက ပုဝါနီစစ်ကြောင်းရှိတယ် ဆိုတော့ စုစုပေါင်း တပ်ခွဲ ၆ ခုနဲ့ စစ်ကြောင်း ၂ ခု ရှိပါတယ်။

မေး။ ။ ရဲဘော်အနေနဲ့ မဟုတ်ဘဲ ခိုလှုံအနေနဲ့ လာမယ်ဆိုရင်ရောရပါလား။ ဘယ်လိုစီစဥ်ပေးသွားမှာပါလဲ သိပါရစေ။
ဖြေ။ ။ ခိုလှုံတွေအတွက်ကတော့ သီးသန့်မဟုတ်ပေမယ့် လျာထားချက်တော့ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ကို ခိုလှုံအနေနဲ့ လာပြီးအကူအညီတောင်းခံလာတာ မရှိသေးပါဘူး။ ခိုလှုံကျတော့ နည်းနည်း စိုးရိမ်ရတယ်လေ။ ကျနော်တို့က စည်းကမ်းလည်းတင်းကြပ်တာတို့ မေးတာမြန်းတာတို့လည်း မလုပ်ဘူး ဆိုပေမယ့် ထိုက်သင့်သလောက် မေးတာလောက်ပဲရှိမှာ ဖြစ်တယ်။

မေး။ ။ တပ်ရင်းရဲ့လက်ရှိ လိုအပ်ချက်၊ နောက်လာမယ့် ရဲဘော်အသစ်တွေအတွက် လိုအပ်ချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဘာများပြောချင်လဲ။
ဖြေ။ ။ သက်ဆိုင်ရာအဖွဲ့ကို လိုအပ်ချက်နဲ့ပတ်သက်ပြီး ပြောချင်တာက MOD အနေနဲ့ ကျနော်တို့ကို တစ်နှစ်ကျော်ကာလအတွင်း တပ်ရင်းတပ်ခွဲတွေကို လက်နက်က AK (၅) လက်နဲ့ ကျည်က တစ်လက်အတွက် ကျည်အတောင့် (၅၀) နှုန်းဆီ ရတယ်။ ရိက္ခာအတွက်ကတော့ ရဲဘော်တစ်ယောက်ကို သတ်မှတ်ချက်နဲ့အညီ မြန်မာကျပ်ငွေ ၆ သောင်းနှုန်းရတယ်။ ကျန်တာတော့ မရသလောက်ကို နည်းတယ်။ ကျနော်တို့ စစ်ဒေသမှူးတွေ ခရိုင်တာဝန်ခံတွေကတော့ မစ်ရှင်တစ်ခုပြီးတယ်ဆိုရင် ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာရှိတယ်။ ကျနော်တို့ (၃၅၀၁) က ကမ်ပိန်းအနေနဲ့ လုပ်ထားတာရှိပေမယ့် ခွဲတမ်းတွေကတော့ မရသေးပါဘူး။

မေး။ ။ အခုနောက်ပိုင်းမှ တပ်ရင်း (၃၅၀၁) နဲ့ ဆက်သွယ်ပြီး တပ်ဖွဲ့ဝင်ဖြစ်ချင်ကြတဲ့ လူငယ်တွေကိုရော ဘာများအကြံပေးချင်ပါလဲ။
ဖြေ။ ။ လာမယ့်လူငယ်တွေကတော့ ကျနော်တို့ဆီ ထွက်လာမယ်ဆိုရင် ကိုယ်လာမယ့်လမ်းကြောင်းကို ကျနော်တို့ဆီ တိုက်ရိုက်ချိတ်ဆက်ပါ။ ကျနော်တို့မှာလည်း သက်ဆိုင်ရာလမ်းကြောင်းတွေရှိတော့အဲဒီလမ်းကြောင်းတွေရဲ့ သက်ဆိုင်ရာရဲဘော်တွေကို လှမ်းပြီးတော့သတင်းပို့တယ်။ ဒီလိုမှ အစီအစဥ်ဆွဲပြီးတော့ ဆောင်ရန်ရှောင်ရန်တွေကို ရဲဘော်တွေကနေတဆင့် လူငယ်တွေကို ပြောြပပေးမှာဖြစ်တယ်။ လုံလုံခြုံခြုံနဲ့ ကျနော်တို့ဆီရောက်အောင် စီစဥ်ပေးမှာဖြစ်တယ်။ လူငယ်တွေအနေနဲ့ ဖေ့ဘွတ်ခ်သုံးတာတွေကအစ အကုန်လုံး ရှင်းလင်းရေးလုပ်ပြီးမှ ဒီဘက်ကိုလာပါ။ ထွက်လာပြီဆိုရင်လည်း သတ်မှတ်နေရာကို ရောက်ပြီဆိုရင် ကျနော်တို့ဆီ သတင်းပို့ပါ။ သူတို့ထွက်လာပြီဆိုတာနဲ့ ကျနော်တို့ရဲဘော်တွေက ကြိုစောင့်နေပြီးသား ဖြစ်နေမှာ ဖြစ်တယ်။