“အမျိုးသမီးနှင့် ကျန်းမာရေး” ပညာပေးဆောင်းပါး(၁)
အမျိုးသမီးတိုင်း ထိုးနှံသင့်တဲ့ ကာကွယ်ဆေးများ
အမျိုးသမီးတွေရဲ့ဘဝမှာ မဖြစ်မနေ ထိုးနှံသင့်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။ ကလေးဘဝကတည်းက ကန့်သတ်နှစ်အလိုက်ထိုးနှံခဲ့ရသလို အရွယ်ရောက်ခါနီးမှ ထိုးနှံရတဲ့ ကာကွယ်ဆေးတွေ လည်း ရှိတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဘဝမှာ ဘယ်ကာကွယ်ဆေးတွေထိုးသင့်လဲ၊ ဘာကြောင့် မဖြစ်မနေ ထိုးနှံသင့်သလဲဆိုတာကို တင်ပြပေးလိုက်ပါတယ်။
၁။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (သို့) လိင်အင်္ဂါကြွက်နို့ ကာကွယ်ဆေး(HPV)
သားအိမ်ခေါင်းကင်ဆာ အများစုဟာ Human Papilloma virus(HPV)နှင့် ဆက်စပ်ပါတယ်။ HPV ဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ၊ သားအိမ်ခေါင်း ကင်ဆာ ဖြစ်တတ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့က အဖြစ်များတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ကျန်းမာရေး ပြဿနာဖြစ်တာကြောင့် HPV ကာကွယ်ဆေးက အမျိုးသမီးတွေ မှာ လိင်အင်္ဂါကြွက်နို့ မဖြစ်အောင် ၉၀%အထိ ကာကွယ်ပေးပြီး သားအိမ်ခေါင်းကင်ဆာရောဂါကို ၇၀ %ခန့်၊ စအိုကင်ဆာကို ၈၀ %ခန့်၊ သားအိမ်လမ်းကြောင်းကင်ဆာကို ၆၀%ခန့်၊ မိန်းမကိုယ် ကင်ဆာကို ၄၀% ခန့်နဲ့ အချို့ပါးစပ်ကင်ဆာတွေကိုပါ ကာကွယ်နိုင်ပါတယ်။
HPV ကာကွယ်ဆေးကိုတော့ အသက် ၉နှစ်နဲ့ ၁၀နှစ်ကြား မိန်းကလေးငယ်များ စတင်ထိုးနှံသင့်ပြီး အသက် ၂၆နှစ်အထိ ထိုးနှံလို့ရပါတယ်။
သတိပြုရန် – သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို လိင်ဆက်ဆံမှု လုံးဝ မရှိသေးခင် အရွယ်တွေမှာ ထိုးနှံသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ပြင်းထန်တဲ့ နာမကျန်းမှု ခံစားနေရ သူတွေ မထိုးနှံသင့်ပါဘူး။
၂။ ရေကျောက်ကာကွယ်ဆေး (Varicella)
ရေကျောက်ရောဂါဟာ အသက် ၁၂နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။
ရေကျောက်(chickenpox)က ရေယုန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Varicella-Zoster virus ကြောင့် ဖြစ်တာပါ။ ရေကျောက်ကာကွယ်ဆေးကို ခလေးဘ၀ ၁နှစ်သားအရွယ်မှာ တကြိမ်၊ ၄နှစ်ကနေ ၆နှစ် အတွင်းမှာ တစ်ကြိမ် ထိုးနှံကြရပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာ ရေကျောက်ပေါက်ရင် ပြင်းထန်တဲ့ အဆုတ်ရောင် နမိုးနီးယားရောဂါတမျိုး ဖြစ်ပေါ်တတ်ပါတယ်။ အဆိုပါ နောက်ဆက်တွဲ အဆုတ်ရောင်ရောဂါဟာ အသက်အန္တရာယ်ကို ပါ ထိပါးစေတဲ့အတွက် အရေးကြီးပါတယ်။
ငယ်ငယ်ကတည်းက ရေကျောက်ကာကွယ်ဆေးလည်း ထိုးမထားဖူးဘူး။ ကံအားလျော်စွာ ရေကျောက်မပေါက်ဖူးဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တဲ့ပြဿနာနဲ့ ရင်ဆိုင် ရနိုင်ချေ အနည်းငယ် ရှိနေပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တ ၁၃ပတ်နဲ့ အပတ်၂၀ကြားမှာ မိခင်ရေကျောက်ပေါက်ရင် Congenital Varicella Syndrome လို့ခေါ်တဲ့ မွေးရာပါရောဂါပေါင်းစုတစ်ခုဖြစ်တဲ့ မွေးကင်းစကလေးငယ် မှာ မွေးရာပါ အမြင်အာရုံပြဿနာတွေ၊ ခြေလက်အနေအထား မမှန်တာတွေ၊ အရေပြားမှာ အမာရွတ်ထင်တာတွေ၊ ဦးခေါင်းသေးတာတွေ၊ ဉာဏ်ရည်မမှီတာတွေ အစရှိတဲ့ ပြဿနာပေါင်း များစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် သားပျက်သားလျှောခြင်း၊ အသေမွေးခြင်း စတဲ့အခြေအနေတွေထိပါ ဦးတည်သွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်မဆောင်သေးခင်မှာ မိမိဆရာဝန်နှင့် တိုင်ပင်ပြီး ရေကျောက်ကာကွယ်ဆေး ထိုးသင့်ပါတယ်။
သတိပြုရန် ။ ။ ကိုယ်ဝန်ဆောင်နေချိန်မှာတော့ ရေကျောက်ကာကွယ်ဆေးထိုးလို့ လုံး၀(လုံး၀) မရပါဘူး။ ရေကျောက်ကာကွယ်ဆေးထိုးပြီး တစ်လအတွင်းမှာလည်း အမျိုးသမီးတွေဟာ ကိုယ်ဝန် မရှိအောင် သန္ဓေတားနည်းလမ်းတွေ အသုံးပြုပေးရပါတယ်။
၃။ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ကာကွယ်ဆေး (MMR)
MMR ကာကွယ်ဆေးကို ကလေးဘ၀ အသက် ၁နှစ် မှ ၁နှစ်၃လအတွင်း တကြိမ်၊ အသက် ၄နှစ် မှ ၆နှစ်အတွင်းတကြိမ် ထိုးနှံဖို့ လိုအပ်ပါသည်။
ကလေးဘဝမှာ မထိုးထားရင်ဖြစ်ဖြစ်၊ အရင်က ရောဂါကူးစက်မှု မရှိရင်ဖြစ်ဖြစ် ဒီကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ MMR ကာကွယ်ဆေးက ကိုယ်ဝန်မဆောင်ခင်မှာ မဖြစ်မနေ ထိုးထားသင့်ပါ တယ်။ ဒီကာကွယ်ဆေးက မိခင်ကိုသာမဟုတ်ဘဲ မွေးလာမယ့်ကလေးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ဝက်သက်ရောဂါဟာ တစ်ချိန်တစ်ခါက တစ်ကမ္ဘာလုံး အတိုင်းအတာအရ သေနှုန်းမြင့်မားခဲ့တဲ့အထိ ဒုက္ခပေးခဲ့တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ယခုအချိန်မှာတော့ ကာကွယ်ဆေးရှိလာတဲ့အတွက် ဖြစ်ပွားနှုန်း အင်မတန် လျော့ကျလာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့၊ အရေးကြီးတဲ့ ရောဂါတွေထဲကတစ်ခု ဖြစ်နေဆဲပဲဖြစ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ စည်း(WHO)ကလည်း ဒီဝက်သက်ရောဂါကို အမြစ်ပြတ်ဖို့ နည်းလမ်းတွေချမှတ်ပြီး လုပ်ဆောင်နေကြပါတယ်။
ကလေးသူငယ်ဘဝမှာ ဝက်သက် ကာကွယ်ဆေး မထိုးခဲ့ရပါက ထိုကလေးများအရွယ်ရောက်လို့ ကိုယ်ဝန်ဆောင်တဲ့အခါ ရင်သွေးငယ်ဟာ မွေးရာပါ ဂျာမန်ဝက်သက်ရောဂါ ဖြစ်နိုင်ပါတယ်။
ပါးချိတ်ရောင်ရောဂါမှာ Paramyxo မျိုးနွယ်စုဝင် Rubula မျိုးကွဲ တစ်မျှင်တည်းဖြစ်ပြီး အခွံပါတဲ့ RNA ဗိုင်းရပ်စ်အမျိုးအစားကြောင့် ဖြစ်ပါတယ်။
အရွယ်ရောက်ပြီးသူများမှာဖြစ်လျှင် ကလေးများထက်ပိုပြီး ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများကတော့ ၁၅%မှာ ဦးနှောက်အမြှေးရောင်ခြင်း၊ ၄%မှာ ပန်ကရိယရောင်ခြင်း၊ နားပင်းသွားခြင်းနှင့် အမျိုးသားများတွင်လည်း ရှားရှားပါးပါး မျိုးမပွားနိုင်သည်အထိ ဖြစ်စေတဲ့ ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများတွင်လည်း မျိုးဥအိမ်ရောင်ရမ်းခြင်း ဖြစ်စေနိုင်သော်လည်း မျိုးပွားနိုင်စွမ်းကို မထိခိုက်စေပါ။
ဂျိုက်သိုးရောဂါ(ဂျာမန်ဝက်သက် သို့မဟုတ် ၃ ရက်ဝက်သက်)ဟာ ဝက်သက် ဖြစ်စေသော ဗိုင်းရပ်စ်နဲ့မတူတဲ့ (Rubella virus) ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ဝက်သက်ကဲ့သို့ မကူးစက်၊ မပြင်းထန်ပါ။ ဂျိုက်သိုး ရောဂါက ကလေးတွေမှာ အလွန် အဖြစ် များပါတယ်။ လူတိုင်းမှာ ဂျိုက်သိုးရောဂါ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရော ကလေးတွေမှာပါ ဖြစ်တတ်တဲ့ ဂျိုက်သိုးရောဂါက လျင်မြန်စွာ ဖြစ်ပွားပေမယ့် မပြင်းထန်သလို ဆိုးကျိုးလည်း ရှားပါတယ်။
သို့သော် ကိုယ်ဝန်ဆောင်သည်တွေကိုတော့ ထိခိုက်စေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အထူးသဖြင့် ကိုယ်ဝန် ပထမ ၄လမှာ ဗိုင်းရပ်စ်ကူးစက်ခံရပါက ရင်သွေးငယ်မှာ မွေးရာပါ ချို့ယွင်း ချက်တွေရှိနိုင်သလို အသေမွေးဖွားတာတောင် ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေဟာ ငယ်စဉ်ကတည်းက MMR သုံးမျိုးစပ် ကာကွယ်ဆေး မထိုးနှံခဲ့ရဘူး။ အထက်ပါရောဂါတွေ မဖြစ်ခဲ့ဖူးဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကာကွယ်ဆေးထိုးဖို့ စီစဉ် သင့်ပါတယ်။
၄။ မေးခိုင်/ ဆုံဆို့၊ ကြက်ညှာ (Td/Tdap)
က) မေးခိုင်ရောဂါမှာ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာပါ။
ကလေးဘဝတည်းက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး ထိုးထားပြီးရင် ၁၀နှစ်တိုင်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးသင့်ပါတယ်။ အနည်းဆုံးတော့ မေးခိုင်ကာကွယ်ဆေးကို ထိုးထားရပါ မယ်။ ကလေးဘဝမှာ မထိုးရသေးလည်း အခုကာကွယ်ဆေးကို ပုံမှန်ထိုးသွားပါ။ ကိုယ်ဝန်ဆောင်ထားသူတွေဟာ မေးခိုင်ကာကွယ်ဆေးကို အပြည့်အစုံ ထိုးထားရပါမည်။ မိခင်က ကာကွယ်ဆေး မထိုးထားရင် မွေးဖွားလာတဲ့ကလေးမှာ မွေးကင်းစမေးခိုင်ရောဂါ ဖြစ်တတ်ပါတယ်။
ထိခိုက်ရှနာဖြစ်ခြင်းကနေ ဘက်တီးရီးယားမျိုးစေ့ဟာ အရေပြားအနာကို ဖောက်ဝင်ကာ ကွဲပွားပြီး အဆိပ်အတောက်တွေကို ထုတ်လုပ်ပါတယ်။ အဲဒီအဆိပ်အတောက်တွေဟာ အာရုံကြော အမျှင်တွေရဲ့ အမြီးမှာကပ်တွယ်ပြီး အဆိပ်သည် ကျောရိုးမနာဗ်ကြောနှင့် ဦးနှောက်ဆီသို့ တဖြည်းဖြည်းပျံ့နှံ့သွားပါသည်။ အဆိပ်အတောက်သည် ဦးနှောက်နှင့် ကျောရိုးမနာဗ်ကြောမှ ကြွက်သား တွေကိုပို့တဲ့ ဓါတုအချက်ပြမှုတွေကိုပိတ်ပင်ပြီး တက်ခြင်းကို ဖြစ်စေပါတယ်။ အသက်ရှုရပ်ကာ သေဆုံးမှုအထိ ဖြစ်နိုင်ပါတယ်။
မွေးကင်းစ ခလေးငယ်မှာဖြစ်တဲ့ မေးခိုင်ရောဂါဟာ မိခင်ကတဆင့်ပါလာတဲ့ မွေးကင်းစ မေးခိုင်ရောဂါဖြစ်နိုင်သလို ချက်ကြိုးဖြတ်ချိန်မှာ ရောဂါပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခ) ဆုံဆို့ရောဂါဟာ နှာခေါင်းနဲ့ လည်ချောင်းထဲမှာရှိသော အချွဲမြှေးများကို ထိခိုက်စေနိုင်တဲ့ ပြင်းထန် ဘက်တီးရီးယား ကူးစက်ရောဂါဖြစ်ပါသည်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ နှလုံး၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဆုံဆို့ရောဂါဟာ သေစေနိုင်တဲ့ ရောဂါပါ။ အထူးသဖြင့် ကလေးတွေမှာဖြစ်ရင် ပိုဆိုးတတ်ပါတယ်။
ဂ) ကြက်ညှာချောင်းဆိုးရောဂါက နှာခေါင်းနဲ့ လည်ချောင်းကနေတဆင့်ဝင်တဲ့ ကူးစက်မြန် အသက်ရှုလမ်းကြောင်းရောဂါတစ်ခု ဖြစ်ပါတယ်။
နို့စို့ကလေးအရွယ်တွေမှာဆို အန္တရာယ်ရှိနိုင်တဲ့အတွက် ဆေးရုံ/ဆေးခန်းပြဖို့ လိုပါလိမ့်မယ်။ သင့်ကလေးမှာ အစာတွေ၊ အရည်တွေမျိုချဖို့ ခက်ခဲနေမယ်ဆိုရင် အကြောဆေးသွင်းပေးဖို့ လိုပါလိမ့် မယ်။ အခြားသူတွေကို ကူးစက်နိုင်တဲ့အတွက်ကြောင့်လည်း ကလေးကိုသီးသန့်ထားဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
ဒီလို ကြောက်စရာကောင်းတဲ့ရောဂါတွေကို မဖြစ်ပွားဖို့ ကာကွယ်ဆေးတွေ ရှိပါတယ်။ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ (၃)မျိုးစပ် ကာကွယ်ဆေးကို မိမိကလေးရော၊ မိခင်ကိုယ်တိုင်ရော မဖြစ်မနေ ထိုးနှံရ မှာပါ။
သတိပြုရန် – ကိုယ်ဝန်ဆောင်နေချိန်အတွင်း ၎င်းကာကွယ်ဆေးထိုးလျှင် ရင်သွေးငယ်ကိုပါ ကာကွယ်မှုပေးနိုင်ပါတယ်။
၅။ ကိုဗစ်ကာကွယ်ဆေး / တုပ်ကွေးကာကွယ်ဆေး
ဒီနှစ်ပိုင်းတွေမှာ အမျိုးသမီးများသာမက လူတိုင်းထိုးနှံသင့်တာကတော့ ကိုဗစ် ကာကွယ်ဆေးပဲဖြစ်ပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ ကိုဗစ်ကာကွယ်ဆေးဟာ မတူပါဘူး။
ရာသီတုပ်ကွေးနဲ့ ကိုဗစ်က လက္ခဏာတူနေလို့ ခွဲရခက်တဲ့အပြင် လူတစ်ယောက်တည်းမှာ ရာသီတုပ်ကွေးရော၊ ကိုဗစ်ပါ ဖြစ်လာရင် ပိုဆိုးနိုင်တာကြောင့် ကာကွယ်လို့ရတဲ့ ရာသီတုပ်ကွေး ကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ကြပါလို့ တိုက်တွန်းခဲ့ကြပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားခြင်းက ရာသီတုပ်ကွေးကို ကာကွယ်တာအပြင် ကိုဗစ်အတွက်ပါ အကျိုးရှိတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
European Congress of Clinical Microbiology & Infectious Diseases (ECCMID) ကနေလုပ်တဲ့ လေ့လာချက်အရ ရာသီတုပ်ကွေးကာကွယ်ဆေးက ကိုဗစ်ကြောင့်ဖြစ်တတ်တဲ့ သေဆုံး နှုန်း၊ လေဖြတ်နှုန်း၊ သွေးဆိပ်သင့်နှုန်းနဲ့ သွေးခဲနှုန်းများကို လျော့ချပေးနိုင်ပါတယ်တဲ့။
အမျိုးသမီးတွေအနေနဲ့ ကိုဗစ်မဟုတ်တဲ့ ရာသီတုပ်ကွေးဖြစ်ရင် မိမိကလေးငယ်တွေကို ကူးစက်နိုင်ခြင်း၊ အိမ်သားများကို ကူးစက်နိုင်ခြင်း၊ အလုပ်ခွင်မှလူများကို ကူးစက်နိုင်တဲ့အတွက်ကြောင့် ရာသီ တုပ်ကွေးကာကွယ်ဆေးလည်း ထိုးနှံဖို့ လိုအပ်သလို၊ ကိုဗစ်ကာကွယ်ဆေးလည်း မိမိနီးစပ်ရာ ကျန်းမာရေးဌာနများရဲ့ လမ်းညွှန်းချက်အတိုင်း ပုံမှန် ထိုးနှံသွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ကိုးကား (Reference) –
1. The Women’s Clinic ( https://www.arobgyn.com/5-vaccines-every-woman-needs/)
2. Wikipedia.com
3. Hellosayarwon.com
4. Healthcare.com