Home Facts Checking News ၂၀၂၅ခုနှစ် က ပုံအဟောင်းအသုံးပြုပြီး အနန်းကွင်းဗျူဟာမှ ဝင်းခန ကေအဲန်ယူစခန်းသို့ လက်နက်ကြီးပစ်ခတ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

၂၀၂၅ခုနှစ် က ပုံအဟောင်းအသုံးပြုပြီး အနန်းကွင်းဗျူဟာမှ ဝင်းခန ကေအဲန်ယူစခန်းသို့ လက်နက်ကြီးပစ်ခတ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

268

၂၀၂၅ခုနှစ် က ပုံအဟောင်းအသုံးပြုပြီး အနန်းကွင်းဗျူဟာမှ ဝင်းခန ကေအဲန်ယူစခန်းသို့ လက်နက်ကြီးပစ်ခတ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။

KIC/ The Red Flag/ MFCN

စစ်အုပ်စု၏အနန်းကွင်းဗျူဟာစခန်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးများမှ ဝင်းခနနှင့်ပန်းအောင်ရွာမှ ကေအဲန်ယူစခန်းများသို့ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေနေကြသည်။

ချန်နယ်အခွဲ နှစ်ခုပေါင်း Subscribe လုပ်သူ ၃ သောင်းကျော်ရှိနေသည့် နေပြည်တော် တယ်လီဂရမ်မှ ဇွန်လ(၂၃)ရက်နေ့တွင် “အနန်းကွင်းဗျူဟာမှ လက်နက်ကြီးနဲ့ပစ်ခတ်လိုက်တာကြောင့် ဝင်းခနKNUစခန်းပေါ်တည့်တည့်ကျ” စာသားဖြင့် ရေးသားဖြန့်ဝေနေခြင်းဖြစ်ပြီး ပို့စ်ကိုကြည့်ရှုသူ ထောင်ချီ၍ရှိသည်။

နေပြည်တော်(၁)၏သတင်းလင့် – https://archive.ph/hu0Er
နေပြည်တော်(၂)၏သတင်းလင့် – https://archive.ph/ursy2

၎င်းပို့စ်ကို Myanmar Fact-Checking Network-MFCN အဖွဲ့ဝင် ကေအိုင်စီ-ကရင်သတင်းဌာနမှ သတင်းအမှား/အမှန် စစ်ဆေးကြည့်ရာ ဖြစ်စဉ်အဟောင်းမှ ပုံကိုအသုံးပြုပြီးဖြန့်ဝေထားသော သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

#သတင်းစိစစ်ချက်
နေပြည်တော် တယ်လီဂရမ်တွင်အသုံးပြုထားသော ဝင်းခနရွာနှင့်ပန်းအောင်ရွာ ကေအဲန်ယူစခန်းများ ဟုညွှန်းဆိုထားသော ဓာတ်ပုံအား မူလအရင်းအမြစ်ကို ရှာဖွေပေးနိုင်သည့် Google Image Search Tools ဖြင့် စစ်ဆေးရာ Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(၇)ရက်နေ့က တင်ထားသောပုံများ ဖြစ်ကြောင်း တွေ့ရသည်။

“ဇန်နဝါရီ (၂၉) ရက်နေ့ မှ ဖေဖော်ဝါရီ (၅) ရက်နေ့အထိ စစ်အုပ်စုက အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီး၊ နဂါးနီစစ်ကြောင်းမှ ဓာတ်ပုံမှတ်တမ်းရယူထားနိုင်ခဲ့” ဟု ဆိုကာ ဓာတ်ပုံ(၆)ပုံနှင့်တကွ နဂါးနီစစ်ကြောင်း၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် တင်ထားခြင်းဖြစ်သည်။

သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေကြသော သတင်းမီဒီယာ RFA၊ Independent Mon News Agencyနှင့် မောင်းတို့တွင်လည်း အနန်းကွင်းရွာကနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းကြောင်း ထိုစဥ်က သတင်းများ ရေးသားဖော်ပြခဲ့သည်။

RFA – https://shorturl.at/N1o5O
IMNA – https://shorturl.at/iBaox
မောင်း – https://shorturl.at/iDM1s

ယခုဇွန်လတွင်လည်း ဝင်းရေးမြို့နယ်ထဲတွင် တကျော့စစ်ရေးလှုပ်ရှားမှုများရှိလာပြီး ဇွန်လ(၂၁)ရက်နေ့နှင့်(၂၂)ရက်နေ့တွင် အနန်းကွင်းဗျူဟာစခန်းမှ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခန၊ ပန်းအောင်၊ ပုတောစသည့်ကျေးရွာများမှ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Google Advance Search မှ Keyword “အနန်းကွင်း”ဖြင့် စစ်ဆေးရှာဖွေချက်အရ သတင်းမီဒီယာများဖော်ပြချက်ကို တွေ့ရသည်။

Dawei Watch ၏ ဇွန်(၂၄)ရက်နေ့က သတင်းတွင် အနန်းကွင်းဗျူဟာမှ လက်နက်ကြီးကြောင့် ရွာနေအရပ်သား(၆)ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများပြောဆိုချက်ကို ကိုးကားဖော်ပြသည်။

Dawei Watch – https://shorturl.at/omC4c

ကေအိုင်စီ သတင်းဌာနမှ ဝင်းခနရွာခံအချို့ကိုမေးမြန်းရာတွင်လည်း ဇွန်လ(၂၁)ရက်နေ့တွင် စစ်အုပ်စုလက်နက်ကြီးပစ်ခတ်ခြင်းဖြစ်ပြီး အမျိုးသမီး(၃)ဦးထိမှန်သည်ဟု သိရသည်။ ထို့နောက် ဇွန်လ(၂၂)ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

KIC – https://shorturl.at/b3Jog

ဆက်လက်၍ ဝင်းခနရွာနှင့်ပန်းအောင်ရွာတွင် KNU တပ်စခန်းများရှိနေသည်ဟု စစ်အုပ်စုလော်ဘီက စွပ်စွဲချက်အရ ယနေ့(ဇွန်လ ၂၅)ရက်တွင် ဝင်းခနရွာခံများကို ကေအိုင်စီက ထပ်မံဆက်သွယ်ပြီးအတည်ပြုချက်ရယူခဲ့သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “ဝင်းခနတို့ ပန်းအောင်ရွာတို့ဆိုတာ ရွာသပ်သပ်ပဲ ဘာတပ်စခန်းမှမရှိဘူး။ ဝင်းရော်မြစ်ဘေးက ကုန်းလေးပေါ်မှာရွာတည်ထားတာလေ။ လက်နက်ကြီးက မြစ်ဘေးမှာသွားကျတော့ အဲဒီမှာနေတဲ့လူတွေထိတာပေါ့။ လောလောဆယ် ရွာသားတွေက သူတို့လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာပဲ သွားနေကြတယ်။ အဲဒီရက်ကတည်းက လက်နက်ကြီးဆက်တိုက်ပစ်နေလို့” ဟု ကေအိုင်စီကို ပြောသည်။

#သုံးသပ်ချက်
ဖော်ပြပါစိစစ်ချက်များအရ စစ်တပ်လော်ဘီချန်နယ်များတွင် ရေးသားဖြန့်ဝေနေသည့်အတိုင်း အနန်းကွင်းဗျူဟာမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှု အမှန်ဖြစ်သော်လည်း ကေအဲန်ယူစခန်းများသို့ကျရောက်ပေါက်ကွဲခြင်းမဟုတ်ဘဲ ဒေသခံများနေထိုင်သည့်ကျေးရွာ၌သာ ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ အရပ်သားများဖြစ်သော်လည်း လော်ဘီများက ၎င်းတို့ထောက်ခံသောစစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူထုနေထိုင်ရာနေရာများကို တိုက်ခိုက်နေမှုအား ကူညီဖုံးကွယ်လိုခြင်းကြောင့် ပုံဟောင်းများအသုံးပြု ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork