Home သတင်း ဖိနှိပ်မှုအောက်မှ မြန်မာအမျိုးသမီးများ တရားရုံးနှင့် အုပ်ချုပ်ရေးစနစ်ကို ကိုယ်တိုင် တည်ဆောက်နေဟု KWO ထုတ်ဖော်ပြောဆို

ဖိနှိပ်မှုအောက်မှ မြန်မာအမျိုးသမီးများ တရားရုံးနှင့် အုပ်ချုပ်ရေးစနစ်ကို ကိုယ်တိုင် တည်ဆောက်နေဟု KWO ထုတ်ဖော်ပြောဆို

9

ဩဂုတ် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့်ဆိုင်းမနေဘဲ မြေပြင်တွင် တရားရုံးများ တည်ဆောက်ခြင်း၊ တရားသူကြီးများကို လေ့ကျင့်ပေးခြင်းနှင့် အုပ်ချုပ်ရေးစနစ်များကို ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော်နေကြောင်း ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌ နော်ကညောဖော က ထုတ်ဖော်ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယမန်နေ့ သြဂုတ်လ (၃) ရက်နေ့က ကျင်းပခဲ့သည့် “မြန်မာနိုင်ငံ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး(WPS)နှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ရှုထောင့်မှတစ်ဆင့် ဒေသဆိုင်ရာ တာဝန်ခံမှုကို ခိုင်မာအောင်တည်ဆောက်ခြင်း” ဖိုရမ်တွင် KWO ဥက္ကဌ က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာအမျိုးသမီးတွေဟာ တစ်စုံတစ်ယောက်က ကယ်တင်ပေးမှာကို စောင့်နေတာမဟုတ်ပါဘူး။ ကျမတို့ တရားရုံးတွေ တည်ဆောက်နေတယ်၊ တရားသူကြီးတွေကို လေ့ကျင့်ပေးနေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနေတယ်၊ နေရပ်စွန့်ခွာရသူ(IDPs)တွေကို အကူအညီပေးနေတယ်။ ကမ္ဘာက ကျမတို့နဲ့အတူ ရပ်တည်ပေးဖို့ပဲ တောင်းဆိုတာပါ” ဟု နော်ကညောဖော က ဖိုရမ်တွင် မိန့်ခွန်းပြောသည်။

ထို့အပြင် မြေပြင်တွင် အမျိုးသမီးများသည် တော်လှန်ရေးနှင့် မိမိတို့နယ်မြေအတွက် ကျောရိုးသဖွယ် ဆောင်ရွက်နေကြ၍ ၎င်းတို့၏ ဦးဆောင်မှုအပေါ် ဘဏ္ဍာရေးအပါအဝင် အရင်းအမြစ်များ တိုက်ရိုက် ထောက်ပံ့ပေးရန်လည်း ဖိုရမ်ထဲတွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် WAC-Myanmar က တိုက်တွန်းခဲ့ခြင်းရှိသည်။

ထို့အတူ စစ်အုပ်စု၏ ပြည်သူများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းမှု၊ ပဋိပက္ခထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) နှင့် လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချ ပိတ်ဆို့နေမှုများအား လူ့အခွင့်အရေးအဖွဲ့များမှ ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ယင်းအတွက် သက်သေအထောက်အထားအဖြစ် ယခင်က ထောင်အကျဥ်းကျခဲ့သူ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတစ်ဦးနှင့် လက်နက်ကိုင် တော်လှန် အမျိုးသမီးငယ်တစ်ဦးတို့၏ ဗီဒီယို များကိုပါ ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကျပ်အတည်းများအပေါ်တွင် မြန်မာနိုင်ငံဆိုင်ရာ WPS ဘက်က အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ရပ်နှင့် အာဆီယံ ဒေသဆိုင်ရာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းအစီအစဉ် (ASEAN RPA on WPS) များမှာ လက်တွေ့မြေပြင်တွင် မအောင်မြင်ဘဲ ရှိနေကြောင်း ထောက်ပြခဲ့သည်။

ယင်းကြောင့် ပဋိပက္ခဒဏ်ခံနေရသည့်ဒေသများသို့ လူသားချင်းစာနာမှုအကူအညီ ထိရောက်ရန် ဒေသခံများဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်ယန္တရားမှတဆင့် ကူညီပေးရန် ရှေ့ပြေးသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက အာဆီယံအထူးကိုယ်စားလှယ်ကို ဖိုရမ်တွင် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

ပွဲအပြီးထုတ်ပြန်ချက်အရ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (CHRP)၊ မြန်မာနှင့် ဖိလစ်ပိုင် အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် အဆိုပါ ဖိုရမ်သို့ သံတမန်များ၊ ဒေသတွင်း ပညာရှင်များနှင့် အရပ်ဘက် ကိုယ်စားလှယ် ၈၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ၏ WPS လုပ်ငန်းစဉ်ကို မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို ရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေး ကတိကဝတ်များဖြင့် အရပ်သားများကိုကာကွယ်ရန် လက်တွေ့ကျသည့်မူဝါဒ၊ အကြံပြုချက်များအား ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ထံ တင်ပြခြင်းဖြင့် ဖိုရမ်ကို အဆုံးသတ်ခဲ့သည်ဟု ဆိုသည်။