ကေအဲန်ယူ တပ်မဟာ(၅) ဗျူဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်အဟောင်းကို သုံး၍ စစ်အုပ်စုအချိန်ကိုက် ဝါဒဖြန့်
ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။
KIC, The Red Flag/MFCN
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅) ဗျုဟာမှူး စောထူးကရှော၏ ဈာပနရုပ်သံဖိုင်ကို အသုံးပြုပြီး ဇွန်လ(၁၅)ရက်နေ့က စစ်အုပ်စုမှဝါဒဖြန့်မှုများ ပြုလုပ်လာသည်။
“KNLA တပ်မဟာ (၅) က ဗျူဟာမှူးအဆင့်ရှိသူပါ အကုန်သေ၊ သူပုန်ထရင် အဲ့လို သေရမည်။” စာသားဖြင့် ကွယ်လွန်သူ စောထူးကရှော၏ ဈာပနသို့ လက်ရှိ KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ သွားရောက်ပြီး မိသားစုဝင်များနှင့်အားပေးစကားပြောဆိုနေသော ရုပ်သံဖိုင်အား စစ်အုပ်စုဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
Ko Thet ချန်နယ်မှ (ဖော်ပြပါလင့်ခ် https://archive.ph/SYzRW)၊ နေပြည်တော်ချန်နယ်မှ (လင့်ခ်-https://archive.ph/5Xull )နှင့် moemyintjulyhtet တစ်တော့အကောင့်တို့မှ (လင်ခ့်- https://archive.ph/x9PWH) တွင်လည်းကောင်း ဝါဒဖြန့်ချိမှုများပြုလုပ်နေပြီး Ko Thet တစ်ခုတည်းပင် ကြည့်ရှုသူ (၂၄,၀၀၀)ကျော်ရှိနေသည်။
အဆိုပါသတင်းအား Myanmar Fact-Checking Network-MFCN အဖွဲ့ဝင် ကေအိုင်စီ-ကရင်သတင်းဌာနက အချက်အလက်စိစစ်ကြည့်ရာ ရုပ်သံဖိုင်အဟောင်းအသုံးပြု ဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
#သတင်းစိစစ်ချက်
မူလသတင်းအရင်းအမြစ်အားသိရှိနိုင်ရန် Ko Thet နှင့် နေပြည်တော်က တင်ထားသည့် ရုပ်သံဖိုင်ကို ပုံရိုက်ယူ၍ Google Reverse Image Search Tool အသုံးပြု စစ်ဆေးကြည့်ရာ Reddit.com မှ Red_Lotus_Alchemist အမည်ရှိ အသုံးပြုသူက “KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှော၏ ဈာပနအခမ်းအနား (မော်ကွန်းတင်ရုပ်သံမှတ်တမ်း)” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြထားသည်။
Reddit တွင် တင်ထားသော ရုပ်သံလင့်ခ် https://shorturl.at/IVqfp
ဖြစ်ပွားခဲ့သည့်အချိန်ကာလနှင့်ပတ်သက်ပြီး အခြားအသုံးပြုသူ၏ မေးမြန်းချက်ကိုလည်း “ရုပ်သံမှတ်တမ်းဟောင်းတစ်ခုပါ။ Reddit ပေါ်မှာ မရှိသေးတာကြောင့် ဒီနေရာမှာပဲ တင်လိုက်မယ်လို့ စဉ်းစားပြီး တင်ပေးလိုက်တာပါ။” ဟု မူရင်းဖိုင်တင်သူမှ တုံ့ပြန်ရေးသားခဲ့သည်။
ထို့အပြင် ဖေ့ဘွတ်ခ် ဆိုရှယ်မီဒီယာအသုံးပြုသူ Thoo Lei က “တပ်မဟာ ၅ ဗျူဟာမူး စောထူးကရှော ရဲ့နောက်ဆုံးခရီး မိသားစုနှင့် ဒုစစ်ဦးစီးချုပ်” စာသားဖြင့် အဆိုပါရုပ်သံဖိုင်အား ၂၀၂၂ ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့တွင် မျှဝေထားပြီး ဗိုလ်မှူးကြီး စောထူးကရှောဖြစ်ကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့သည်။ Thoo Lei-https://shorturl.at/9gR1V
ကွယ်လွန်သူနှင့်ပတ်သက်၍ “KNLA’s Col Htoo Ka Shaw” “စောထူးကရှော” အစရှိ Keyword များဖြင့် Google Search မှရှာဖွေစစ်ဆေးရာတွင်လည်း ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေသော မီဒီယာများမှ ဈာပနသတင်းဖော်ပြချက်များကို တွေ့ရသည်။
Myanmar Now သတင်းဌာနက အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော ၂၀၂၂၊ ဧပြီ(၂၉)ရက်နေ့က သတင်းတွင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်အုပ်စုအခြေစိုက် ကျောက်ညှပ်စခန်းကို KNLA ပါဝင်သောတော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း တပ်မဟာ(၅)KNLA ဗျူဟာမှူး စောထူးကရှော သေဆုံးခဲ့သည်ဟု ဆိုသည်။
Myanmar Now – https://shorturl.at/GYfnT
ကရင်ဒေသတွင်းသတင်းများ ဖော်ထုတ်တင်ဆက်နေသည့် ကေအိုင်စီအနေဖြင့်လည်း ၂၀၂၂၊ ဧပြီ(၂၈)ရက်နေ့မနက်ပိုင်းက KNLA သိမ်းနိုင်ခဲ့သည့် ကျောက်ညှပ်စခန်းတိုက်ပွဲအတွင်း တပ်မဟာ (၅)၏ ဗျူဟာမှူး (စစ်ဆင် ရေးမှူး) ဗိုလ်မှူးကြီးစောထူးကရှော သေဆုံးခဲ့ကြောင်း အတည်ပြုသတင်းဖော်ပြထားသည်။
KIC – https://shorturl.at/sVxDj
ဧရာဝတီသတင်းဌာန၏ ဧပြီ(၂၉)ရက်နေ့က သတင်းတွင် တပ်မဟာ(၅)ဗျူဟာမှူး စောထူးကရှောမှာ တိုက်ပွဲအပြီး ကတုတ်ကျင်းများကိုလိုက်လံစစ်ဆေးစဥ် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည်ဟု ဆိုသည်။
Irrawaddy- https://tinyurl.com/43kftze6
လက်ရှိ ဖာပွန်ဒေသ၏စစ်ရေးအခြေအနေမှာ ပြီးခဲ့သည့်မေလအစောပိုင်းမှစပြီး လှိုင်းဘွဲ-မြိုင်ကြီးငူဘက်မှ ကတိုင်တိလမ်းအတိုင်း ဖာပွန်မြို့သို့ကိုထိန်းချုပ်ရန် စစ်အုပ်စုအင်အားအများအပြားဖြင့် ချီတက်လာနေသည်။ ထိုလမ်းကြောတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုများ ရှိသည်။
ယင်းအကြောင်းအရာအား “ဖာပွန်သို့ စစ်ကူတက်လာသည့် စစ်အုပ်စုစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်” သတင်းခေါင်းစဥ်ဖြင့် ကေအိုင်စီက မေလ(၂၈)ရက်နေ့တွင် ဖော်ပြခဲ့သည်။
KIC သတင်းလင့်ခ်- https://shorturl.at/TwOxD
DVB ၏ သတင်းတစ်ပုဒ်တွင်လည်း ဖာပွန်စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခံရခြင်းရှိကြောင်း မေလ(၂၂)ရက်နေ့က သတင်းဖော်ပြထားသည်။
DVB – https://shorturl.at/PxeH6
ထို့အတူ “ဖာပွန်တိုက်ပွဲ” “ဖာပွန်စစ်ကြောင်းထိုး” Keyword ဖြင့် Google နှင့် ဖေ့ဘွတ်ခ်တွင် စစ်ဆေးချက်အရ ယခု ၂၀၂၆ ခုနှစ် မေလမှ ဇွန်လ အတွင်း စစ်အုပ်စုစစ်ကြောင်းထိုးမှု၊ လမ်းတဝက်တွင်တိုက်ခိုက်ခံရမှု၊ ကျေးရွာများကိုမီးရှို့ဖျက်ဆီးမှုနှင့် စစ်ဘေးရှောင်အခြေအနေများကိုသာ မီဒီယာ သတင်းအရင်းအမြစ်များက ဖော်ပြခြင်းရှိပြီး တပ်မဟာ(၅)KNLA ဗျူဟာမှူး သေဆုံးမှု သတင်း ဖော်ပြမှုမရှိပါ။
ထို့ကြောင့် လက်ရှိ ဖာပွန်ဒေသတွင် နယ်မြေစိုးမိုးမှုရရေး၊ စစ်ရေးအသာစီးရရေး စစ်အုပ်စုကကြိုးပမ်းနေသည့်အချိန်တွင် လွန်ခဲ့သည့်(၄)နှစ်ကျော်ကတည်းက ဖြစ်ပွားခဲ့သော ရုပ်သံဖိုင်အဟောင်းကို ပြန်လည်အသုံးပြုပြီး အချိန်ကိုက် ဝါဒဖြန့်ဝေလာခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork



















