Home သတင်း ပြည်သူကို ကာကွယ်သည့် တပ်မတော်သားများဖြစ်အောင် ကြိုးစားကြရန် တောင်ညိုစစ်ကြောင်းမှူး တိုက်တွန်း

ပြည်သူကို ကာကွယ်သည့် တပ်မတော်သားများဖြစ်အောင် ကြိုးစားကြရန် တောင်ညိုစစ်ကြောင်းမှူး တိုက်တွန်း

662

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

တော်လှန်ရေးဆင်နွှဲသည့်နေရာတွင် ရဲဘော်များအနေဖြင့် ကျင့်ဝတ်သစ္စာများနှင့်အညီ ဆောင်ရွက်သွား ရန်နှင့် ပြည်သူကို ကာကွယ်သည့် တပ်မတော်သားများဖြစ်အောင် ကြိုးစားကြရန် ဖေဖော်ဝါရီ ၁၅ ရက် နေ့က KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေရှေ့တန်းနေရာတွင် ကစယ့် သူး(တောင်ညို)စစ်ကြောင်းမှ ပြုလုပ်သည့် စစ်မွမ်းမံသင်တန်းဆင်းအခမ်းအနားတွင် စစ်ကြောင်းမှူးက တိုက်တွန်းပြောဆိုသည်။

ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရရှိရန်နှင့် စစ်အာဏာရှင်စနစ်လက်အောက် အားလုံးလွတ်မြောက်ရန် တော်လှန်သည့်နေရာတွင် ရဲဘော်များအချင်းချင်း သစ္စာရှိကြရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူ့အပေါ်တွင်လည်း ထားရှိရမည့်ကျင့်ဝတ်များအား လိုက်နာ ဆောင်ရွက် သွားကြရန် တောင်ညိုစစ်ကြောင်းမှူး စောဂဠုန်မင်းက သင်တန်းဆင်းရဲဘော်များအား ထိုသို့ တိုက်တွန်းပြောခဲ့ခြင်းဖြစ်သည်။

“ ပြည်သူကို ကာကွယ်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်ရရှိဖို့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြတဲ့နေရာမှာ ကျင့်ဝတ်အတိုင်း လုပ်ဆောင်ကြဖို့လိုတယ်။ အမှန်တရားအတွက် ရပ်တည်နိုင်ဖို့လိုတယ်။ အချင်းချင်းအပေါ်မှာ သစ္စာရှိရတယ်။ ပြည်သူ့ဆန့်ကျင်မှုမလုပ်ကြဘဲ ပြည်သူကို ကာကွယ်တဲ့ တပ်မတော်သားတွေဖြစ်အောင် ကြိုးစားရမယ်” ဟု စစ်ကြောင်းမှူးက ပြောသည်။

ယမန်နေ့ စစ်မွမ်းမံသင်တန်းဆင်းအခမ်းအနားတွင် NUG -အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဦးရည်မွန်မှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားပြီးနောက် အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များကလည်း တော်လှန်ရေး အခြေအနေ ဖြစ်စဉ်များအား ရှင်းလင်းတင်ပြကြသည်။

ထို့အပြင် သင်တန်းဆင်းရဲဘော်များအား တော်လှန်ရေးတွင် လိုက်နာကျင့်ကြံလုပ်ဆောင်ရမည့် စည်းမျဉ်းစည်းကမ်းများအား သစ္စာရည်တိုက်စေပြီး ကတိသစ္စာများ ပြိုင်တူရွတ်ဆိုကြသည်ဟု သိရသည်။

“ စစ်တပ်အာဏာသိမ်းတာကို လက်မခံလို့ CDM ပြုလုပ်ပြီး တော်လှန်ရေးမှာ ပါဝင်ပူးပေါင်း လာခြင်းဖြစ်တယ်။ သေနတ်မရှိခဲ့တဲ့ဘဝကနေ ခုသေနတ်တွေရှိလာတဲ့အထိ ပြည်သူတွေရဲ့ ဖေးမမှုတွေဟာ ကျေးဇူးအထူး တင်မိတယ်။ စစ်ကောင်စီကိုတော့ နိုင်အောင်တိုက်ရမယ်။ NUG ခေါင်းဆောင်ပိုင်းတွေကိုလည်း လက်နက်အရေးဘက်ကို ပိုပြီးကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ရေတပ်မှ CDM ဗိုလ်သင်တန်းသားတစ်ဦးက ကေအိုင်စီသို့ပြောသည်။

KNU တပ်မဟာ ၆ ၏ ထိန်းချုပ်နယ်မြေတွင်တည်ရှိသည့် တောင်ညိုစစ်ကြောင်းသည် အခြား တော်လှန်ရေး အဖွဲ့ဝင်များနှင့်အတူ စစ်အာဏာရှင်အား ပူးပေါင်းတော်လှန်နေလျက်ရှိပြီး NUG -အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း အမှတ်(၃) စစ်ဒေသတွင် လှုပ်ရှားဆောင်ရွက်နေလျက်ရှိသည်ဟု သိရသည်။