Home သတင်း ကော့ဘိန်းရဲကင်းစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် NLD ပါတီဝင် ၃ ဦး ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

ကော့ဘိန်းရဲကင်းစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် NLD ပါတီဝင် ၃ ဦး ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

590
Photo: CJ

ဖေဖော်ဝါရီလ ၁၆ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာ ရဲကင်းစခန်း၀င်ရောက်တိုက်ခိုက်မီးရှို့ခံရ ပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ရွာခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ၀င် ၃ ဦးအား ထောင်ဒဏ် ၃ နှစ်စီအမိန့်ချခံရကြောင်း သိရသည်။

ကော့ဘိန်းရွာ ရဲကင်းစခန်းအား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် ကော့ဘိန်းကျေးရွာနေထိုင်သည့် NLD ပါတီ၀င် နှင့် ပါတီထောက်ခံသူ ၄ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သည့် ကျေးရွာဒေသခံများက ပြောသည်။

ထို့နောက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ တပ်ကာ ထောင်ဒဏ် ၃ နှစ်စီ လူ ၃ ဦးအား တရားစွဲ အမိန့်ချထားကြောင်းသိရပြီး ကျန်အမျိုးသမီးတစ်ဦးအား အကြောင်းမဲ့ ဆက်လက်ဖမ်းဆီး စစ်ဆေးနေသေးကြောင်း ကျေးရွာဒေသခံက ပြောစကားအရ သိရ သည်။

ကျေးရွာဒေသခံတစ်ဦးက “ကော့ဘိန်းကော့ပေါက် ရဲစခန်း အပစ်ခံ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ရွာက မဆိုင်တဲ့ သာမန်အရပ်သား ကျောင်းဆရာ တင်မောင်၀င်းရယ်၊ မဝါဝါလင်းရယ်၊ မင်းသိန်းဦးရယ်ကို ဇန်နဝါရီ ၁၆/၁၇ ရက်တွေမှာ ဖမ်းတယ်။ အခု ၅၀၅(က)နဲ့ ထောင် ၃နှစ်စီ ဖေဖော်ဝါရီ ၁၀ ရက်နေ့က အမိန့်ချပြီး အချုပ်ဆောင်မှာ ဆက်ချုပ်ထားတယ်၊ မယမင်းနွေးကိုကျတော့ အမိန့်မချသေးဘူး။ ဆက်ချုပ်ထားတယ်။ အဲ့ဒီတစ်ယောက် အမိန့်ချပြီးမှ ၄ ယောက်လုံးကို တောင်ကလေးထောင် ပို့မယ်လို့ သတင်းသိထားရတယ် ”ဟု ပြောသည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ဘိန်းဆေးရုံနှင့် မီးရှို့ခံရသည့် ကော့ဘိန်းရဲစခန်း နေရာများတွင် အထိုင်ချနေရာယူပြီး ရွာ၀င်ရွာထွက်လမ်းများကို စစ်တပ်က စစ်ဆေးနေသည့်အပြင် ကျုံဒိုးကျေးနယ်အတွင်း ကျေးရွာချင်းဆက်လမ်းများအား စစ်တပ်၊ BGF တပ်များမှ စစ်ဆေးရေးဂိတ်များ ပြုလုပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ CDM ပြုလုပ်ဆန့်ကျင်သူများ၊ NLD ပါတီ၀င်များ၊ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ပါ၀င်ကူညီခဲ့သည့် ဒေသခံများအား စစ်တပ်နှင့် စစ်တပ် ထောက်ခံသူများ၊ သတင်းပေးများမှ တစ်ဆင့်ဖမ်းဆီးရန် ရှာဖွေစစ်မေးခြင်းများ ဆက်တိုက်လုပ် ဆောင်လာနေသည့်အတွက် ရွေးကောက်ပွဲ ကာလပတ်သက်ထောက်ခံခဲ့ကြသည့် ဒေသခံများ၊ CDM ၀န်ထမ်းများ ရှောင်တိမ်းနေထိုင်နေကြရကြောင်း သိရှိရပါသည်။

“အခု ကရင်ရွာတွေ၊ မွန်ရွာတွေ၊ ပအိုဝ်းရွာတွေက ရွေးကောက်ပွဲ လုပ်တုန်းက ပါကြကူကြတဲ့သူတွေ အကုန်ရှောင်နေကြရတယ်။ စစ်တပ်အုပ်စုတွေက ဖမ်းခိုင်းဖို့ သတင်းပေးတာမျိုးတွေရှိတော့ ရွာမှာ မနေရဲကြဘူး။ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် NLD ထောက်ခံတဲ့သူ၊ စစ်တပ်မလိုလားလို့၊ တော်လှန်ရေးအဖွဲ့ တွေကိုသတင်းပေးလို့ သူတို့ အတိုက်ခံရတာဆိုပြီး အငြိုးနဲ့ ဖမ်းဆီးဖို့ လုပ်လာမှာ စိုးရိမ်နေကြတော့ ရှောင်ကြရင်းနဲ့ ထိုင်းတက်တဲ့သူ၊ နယ်စပ်ရောက်တဲ့သူတွေ ဖြစ်ကုန်ပြီ ”ဟု ကော့တာ ကျေးရွာသားက ပြောသည်။

အဆိုပါ ကော့ဘိန်း-ကော့ပေါက်ကျေးနယ်သည် ကော့ကရိတ် ခရိုင်နှင့် မွန်ပြည်နယ် အပိုင်နယ်မြေချင်း ဆက်နေသည့် မွန်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာများဖြစ်ပြီး မွန်ငြိမ်းချမ်းရေး အပစ်ရပ်အဖွဲ့၊ မွန်ပြည်သစ်ပါတီနယ်မြေရုံး အခြေစိုက်လှုပ်ရှားသွားလာရာ ဒေသလည်းဖြစ်သည်။