Home သတင်း သထုံခရိုင်တွင် ဇူလိုင်လအတွင်း စစ်အုပ်စု (၁၀) ဦးသေဆုံးပြီး (၁၅) ဦး ဒဏ်ရာရ

သထုံခရိုင်တွင် ဇူလိုင်လအတွင်း စစ်အုပ်စု (၁၀) ဦးသေဆုံးပြီး (၁၅) ဦး ဒဏ်ရာရ

8
Photo: KNU

ဩဂုတ်လ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်၊ တပ်မဟာ(၁)တွင် ဇူလိုင်လ တစ်လ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၀) ဦးသေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ပြုစုထားသည့်စာရင်းအရ သိရသည်။

ဇူလိုင်လ (၁) ရက်မှ (၂၇) ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲအပါအဝင် KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့်ပူးပေါင်းတပ်များက စစ်အုပ်စုကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ရော့ကတ်နှင့် လက်နက်ကြီး ပစ်ခတ်ခြင်း စသည့်ဖြင့် တိုက်ပွဲပေါင်း (၂၂) ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းကြောင့် စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးကာ (၁၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သုံးမော်တော်ယာဥ် (၁) စီးလည်းပျက်စီးသွားကြောင်း ကေအဲန်ယူစာရင်းက ဖော်ပြထားသည်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံး ရှိ၊မရှိ အခြေအနေကိုမူ အဆိုပါစာရင်းမှတ်တမ်းတွင် ဖော်ပြထားခြင်းမရှိပါ။

သို့ရာတွင် စစ်အုပ်စုသည် သထုံခရိုင်အတွင်းရှိ ကျေးရွာ(၅)ရွာထက်မနည်းသို့ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု (၆)ကြိမ် မီးရှို့ဖျက်ဆီးမှု (၂)ကြိမ် လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။ ထိုဖြစ်စဥ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတွင် ဒေသခံများပိုင် နေအိမ် (၁၀) လုံးလည်း ပါဝင်သည်။

ယင်းကြောင့် ဒေသခံများမှာ စိတ်မလုံမခြုံဖြင့် ရပ်တည်နေရပြီး အသက်မွေးမှု ကောင်းစွာမလုပ်နိုင်ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လတစ်လလုံးတွင်လည်း တပ်မဟာ (၁) နယ်မြေတွင် စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးရန်ကြောင့် အရပ်သား(၅)ဦးသေဆုံးသည့်အပြင် နေအိမ်များ ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ၏သထုံခရိုင်ဘက်က မှတ်တမ်းတင်ထားခြင်းရှိသည်။