Home သတင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှု ICRC အတည်ပြု၊ တွေ့ရှိချက်ကို သက်ဆိုင်ရာဖြင့်သာ သီးသန့်ဆွေးနွေးမည်ဟု ဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှု ICRC အတည်ပြု၊ တွေ့ရှိချက်ကို သက်ဆိုင်ရာဖြင့်သာ သီးသန့်ဆွေးနွေးမည်ဟု ဆို

10
Photo: AFP

ဩဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ ဩဂုတ်လ(၃)ရက်နေ့တွင် သီးသန့်တွေ့ဆုံစကားပြောခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-ICRC ဘက်က အတည်ပြုထုတ်ပြန်သည်။

စစ်အုပ်စုထိန်းချုပ်ထားသည့်မီဒီယာများတွင် ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းအပေါ် ပုံနှင့်တကွဖော်ပြလာပြီး နာရီပိုင်းအတွင်း ICRC ဘက်ကလည်း ဆက်လက်ထုတ်ပြန်လာခြင်းဖြစ်သည်။

ICRC က ၎င်းကို လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကြည့်ရှုစစ်ဆေးမှုမှ တွေ့ရှိချက်၊ အကြံပြုချက်များကို လူပုဂ္ဂိုလ်အားထိန်းသိမ်းထားသူ သက်ဆိုင်ရာအာဏာပိုင်များထံသို့သာ လျှို့ဝှက် သီးသန့်ပေးပို့သွားမည်ဟု ဆိုသည်။

တဖက်တွင်လည်း စစ်အုပ်စုက နှစ်ဖြင့်ချီပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးဖြင့်ထောင်ချခံနေရသူများအား ခြွင်းချက်မရှိလွှတ်ပေးရေး မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစဥ်တစိုက်တောင်းဆိုနေကြသည်။

ထိုအထဲတွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)၏ ပြန်ကြားရေးတာဝန်ခံ မရောင်နီက “ဒီလိုတွေ့ဆုံခွင့်ရတာ နိုင်ငံရေးအရတိုးတက်မှုတစ်ခု၊ အပြုသဘောဆောင်တဲ့ခြေလှမ်းလို့ မြင်တယ်။ ဒါပေမဲ့ တစ်ကြိမ်တည်းနဲ့မလုံလောက်ဘူး။ ပုံမှန်တွေ့ဆုံခွင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်ရသင့်ပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း အာမခံပေးဖို့လိုတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ICRC အနေဖြင့် မြန်မာနိုင်ငံအကျဥ်းထောင်များအတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခွင့်ကို ဆက်လက်၍ ပိုမိုတိုးချဲ့လုပ်ဆောင်ရန် သက်ဆိုင်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသွားသည်။

သို့ရာတွင် ICRC သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိအကျဥ်းထောင်များအတွင်း ထဲထဲဝင်ဝင် ကြည့်ရှုလေ့လာခွင့်ရရန် ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများအရေးနှင့် အကျဥ်းထောင်အရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြသုံးသပ်ကြသည်။

စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ ကြောင့် ICRC အား မြန်မာနိုင်ငံ အကျဥ်းထောင်များသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို စတင်ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းထားသည့်တစ်လျှောက်တွင်လည်း ICRC ဘက်က ပြန်လည်ဝင်ရောက်ခွင့်ရရန် မြန်မာစစ်အုပ်စုထံ တွေ့ဆုံမှု အကြိမ်ကြိမ်ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အပြည့်အဝ မရသေးဘဲ ယခုလမှ အရေးပါသောတိုးတက်မှုအသွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။