Home သတင်း မက္ကသာရွာအနီးရှိ သတ္တုခဲမိုင်းတွင်းကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မက္ကသာရွာအနီးရှိ သတ္တုခဲမိုင်းတွင်းကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

462
Photo: CJ

ဒီဇင်ဘာလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ် မက္ကသာကျေးရွာ အနီးရှိ အမှတ်(၆)သတ္တုခဲမိုင်းတွင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ယမန်နေ့ည ညဉ့်နက်ပိုင်း တွင် စတုတ္ထအကြိမ်မြောက် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အမှတ်(၆)သတ္တုခဲမိုင်းတွင်းကို ယမန်နေ့ နိုဝင်ဘာလ ၃၀ရက် ည(၁၂)နာရီ မိနစ်(၄၀) အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သတ္တုမိုင်းအတွင်းရှိ အဆောင်များ ထိခိုက်ပျက်စီးခဲ့သလို လူထိခိုက်မှုများရှိခဲ့သည်ဟုလည်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“၁၂ နာရီမိနစ်(၄၀)လောက်မှာ အမှတ်(၆)သတ္တုခဲမိုင်းတွင်းကိုလာကြဲတာ။ ဂျက်လေယာဉ် ၂စင်း လာတယ်။ တစ်စင်းက ခေါင်မိုးပေါ်က ဖြတ်တယ်။ နောက်တစ်စင်းက အသံနည်းနည်းဝေးတယ်။ လူအထိအခိုက်တာတွေလည်း များတယ်လို့ ကြားတယ်”ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် အမှတ်(၆)သတ္တုခဲမိုင်းတွင်းကို လာရောက်ဗုံးကြဲ ချခြင်းကြောင့် အဆောက်အဦးနှင့် လူထိခိုက်မှုများရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်းပဲ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo: CJ

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညက သဗြုသတ္တုမိုင်းတွင်းနေရာကို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ပထမဦးဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် မိုင်းတွင်း အလုပ်သမား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူ များထဲတွင် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ကြောင်းလည်း နယ်မြေခံ ကေအဲန်ယူဘက်က ပြောဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင်လည်း အဆိုပါ မိုင်းတွင်းနေရာ၌ပင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၂၅ ရက်နေ့တွင်လည်း တတိယအကြိမ် လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်မှ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ မက္ကသာကျေးရွာ ပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်း ကိုလည်း လေယာဉ် ၄ စင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး ပျက်စီးခဲ့ရသေးသည်။