Home သတင်း မြဝတီမြို့တွင် အာဝါဒေးလောင်းကစားဝိုင်းများ ယခင်ထက် ပိုမိုများပြားလာလျက်ရှိနေ

မြဝတီမြို့တွင် အာဝါဒေးလောင်းကစားဝိုင်းများ ယခင်ထက် ပိုမိုများပြားလာလျက်ရှိနေ

1021

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အာဝါဒေးလောင်းကစားဝိုင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ကစားလာကြပြီး လက်ရှိတွင် ယခင်ကာလတုန်းကထက် ပိုမိုများပြားလာ လျက်ရှိနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

မြဝတီမြို့ပြင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ပိုင် ဖြစ်သည့်် ကာစီနိုလောင်းကစားရုံ အများအပြားရှိနေသည့်အပြင် မြဝတီမြို့အတွင်းရှိ အမှတ်(၄)ရပ်ကွက် တောရကျောင်းအနောက်ဘမ်းခြမ်းတွင် အာဝါဒေးလောင်းကစားဝိုင်း၊ ၊ ငါးပစ်ဂိမ်းအသေးစားရုံများ၊ ဖဲဝိုင်းများ အများဆုံးရှိကာ ယခင်ကထက်ပိုမို များပြားလာလျက်ရှိနေသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အာဝါဒေးဝိုင်းက အမှတ်(၇)ထိ အခုရှိတယ်။ စက်တင်ဘာလလောက်ကနေ ကစားဝိုင်းတွေ ပိုပြီးများလာတာ။ ဘယ်နေရာက ပိုများလာလဲဆိုရင် အမှတ်(၄)တောရကျောင်း အဲ့ဒီအနောက်ဘက်တွေက အံကလုံဝိုင်းတွေ ပိုများတယ်။အာဝါဒေးဝိုင်းတွေက ဟို့အစကတည်းကရှိတာ အခုက အရင်ထက်ကို ၂ ဆလောက်ပိုများလာတယ်။ လောင်းကစားဝိုင်းတွေနဲ့ စီးပွားရှာတာပေါ့။ အဲ့မှာက လူကအပြည့်ပဲ။ မြဝတီမှာက အမြဲတမ်းပွဲရှိနေတယ်။ အာဝါဒေးဝိုင်းက တစ်ခါမှမပြတ်သွားဘူး။ ဆေးရောင်းတဲ့နေရာတွေရော ငါးဂိမ်းရုံအသေးစားတွေရော အများကြီးပဲ”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက မြဝတီမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း အာဝါဒေး လောင်းကစားရုံးများတွင်မူ နံနက်မိုးလင်းပိုင်းအထိ လူစည်ကားလျက်ရှိနေသည်လည်း ၎င်းက ဆက်ပြောသည်။

“စစ်ကားတွေနဲ့ (၁၀)နာရီကနေ (၅)နာရီမထွက်ရဆိုပြီး ကားနဲ့လိုက်အော်တယ်။ ၁၀ နာရီကျော်ရင် မြို့ထဲမှာ လူတွေရှင်းနေရော။ အာဝါဒေးဝိုင်းမှာပဲ လူလတ်ပိုင်းတွေရော အကုန်အဲ့ဒီမှာပဲ မိုးလင်းပေါက်အထိရှိကြတယ်”ဟု ၎င်းမြို့ခံက ဖြည့်စွက်ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်များနှင့် (BGF)တပ်ဖွဲ့ဝင်များက ကာစီနိုရုံများ၊ အာဝါးဒေး လောင်းကစားဝိုင်းများ ပိုမို ပြုလုပ်ခွင့်ပေးထားခြင်းသည် လူငယ်များကို လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများအပေါ် စိတ်ဝင်စားမှုလျှော့နည်းစေရန် အာရုံပြောင်း ပြုလုပ်နေခြင်းဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက ယခုလိုထင်မြင် ချက်ပေး ပြောဆိုသည်။

“BGFတွေ လောင်းကစားရုံတွေ ပိုပြီး လုပ်လာတာက နိုင်ငံရေးအပေါ်မှာ လူငယ်တွေ အာရုံသိပ်မစိုက်ရ အောင် လုပ်တာပဲ။ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလာ ပျော်စရာတွေကမရှိတော့ လူငယ်လူလတ်ပိုင်းတွေ က အာဝါဒေးပဲ သွားနေကြတာ”ဟု သူက ကေအိုင်စီသို့ ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ရွာသစ်ကျေးရွာ၊ ထုံးအိုင်ကျေးရွာများတွင်လည်း မြဝတီမြို့နီးတူ အာဝါဒေးလောင်းကစားများကို မကြာခဏ ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။