Home သတင်း PDF များ ဖမ်းဆီးပေးပါက ဆုငွေပေးမည်ဟု စစ်ကောင်စီ ထပ်မံထုတ်ပြန်ပြီးနောက် မြို့တွင်းသွားလာသူ နည်းပါးလာ

PDF များ ဖမ်းဆီးပေးပါက ဆုငွေပေးမည်ဟု စစ်ကောင်စီ ထပ်မံထုတ်ပြန်ပြီးနောက် မြို့တွင်းသွားလာသူ နည်းပါးလာ

762

ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ ဝင်များကို ဖမ်းဆီးပေးပါက ဆုကြေးငွေပေးမည်ဟု ဒုတိယအကြိမ် ထုတ်ပြန်ပြီးနောက်ပိုင်း မြို့တွင်းသွား လာသူများယခင်ကထက် သိသိသာသာလျော့နည်းလာကြောင်း မြို့ခံများက ပြောသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ယာဉ်ထိန်းရဲတပ်ကြပ်ကြီး တစ်ဦးပစ်သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်းလူသွားလူလာများသောနေရာများတွင် လော်စပီကာများဖြင့် PDF များကို ဖမ်းပေးမည်ဆိုပါက ဆုတော်ငွေ ၁၅ သိန်းကျပ်ပေးမည်ဖြစ် ကြောင်းနှင့် ခိုအောင်းနေသည့်နေရာကို သတင်းပေးလျှင် ဆုတော်ငွေ ၅ သိန်းကျပ် ပေးမည်ဟု ကြော်ငြာပြီးနောက်ပိုင်း စစ်ဆေးမှုများ တင်းကြပ်လာမှုကြောင့် မြို့တွင်းသွားလာသူများနည်းပါး လာကြောင်း မြို့ခံအငှားဆိုင်ကယ်ယာဉ် ပြေးဆွဲနေသူတစ်ဦးက ယခုလိုပြောသည်၊၊

“အရင်တုန်းကလည်း အဲ့လိုမျိုးတစ်ခေါက်ကြော်ငြာတယ်။ အခုက နောက်တစ်ကြိမ်၊ မြို့ထဲသွား လာသူ နည်းသွားတယ်လို့ပြောရမယ်။ အရင်ဆို တက္ကစီဆွဲတာနေ့တွက် ကိုက်တယ်။ အခုက ဘယ်သူမှသိပ်သွားသွား လာလာမရှိတော့ဘူးလေ။ အဲ့လိုကြော်ငြာပြီးနောက်ပိုင်း ဝင်ငွေနည်းလာတာပေါ့၊၊” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်၊၊

ထိုသို့ အသိပေးကြေညာမှုအပြင် မြို့တွင်း သွားလာသူများကိုလည်း တင်းတင်း ကြပ်ကြပ် စစ်ဆေး ဆောင်ရွက်နေမှုများရှိနေခြင်းကြောင့် သွားလာသူ နည်းပါးရခြင်းဖြစ်ပြီး မြို့ခံအငှားယာဉ်မောင်းသူများ အနေဖြင့် ရေရှည်ရပ်တည်လာနိုင်ရန် ခက်ခဲလာနိုင်ကြောင်းလည်း ၎င်းမြို့ခံ ယာဉ်မောင်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ဆုကြေးငွေ ထုတ်ပြန်ထားမှုနှင့်ပတ်သက်ပြီး ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ၎င်းတို့အလုပ် ၎င်းတို့လုပ်ခြင်းသာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လည်း ကိုယ့်လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ပြောချင်တာကတော့ သူ့အလုပ် သူလုပ်ရင် ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမှာပေါ့ဗျ။ အမှန်တရားနှင့် တရားတဲ့သူသာ နိုင်ကြေးဟုခံယူပါတယ်။ ကျေးဇူးပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း ယခုလိုဆုကြေးငွေ ထုတ်ပြန်မှုမျိုးကိုထုတ်ပြန်ခဲ့သေးပြီး ၎င်း ထုတ်ပြန်မှု နောက်ပိုင်း စစ်ကောင်စီအနေဖြင့် မြို့တွင်းမြို့ပြင် အစစ်အဆေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင် လာကာ ပြည်သူများထံမှ အကြောင်းအရင်းမဲ့ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။