စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ၊ မဲဝိုင်စခန်းသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က ရဟတ်ယာဉ်နှင့် စစ်သုံးပစ္စည်းများ လာရောက်ပစ်ချရာတွင် သွားကောက်ယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကော်သူးလေတပ်မတော်က ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်ကောင်စီရဟတ်ယာဉ်၂ စင်းသည် ၎င်းတို့၏ မဲဝိုင်စခန်းသို့ စစ်သုံးပစ္စည်းများ လာရောက်ပစ်ချခဲ့ပြီး ပထမလေယာဉ်သည် ဗုံးသီး ၅ လုံး ပစ်ချပေးခဲ့ပြီးနောက် ဒုတိယလေယာဉ်သည် ပစ္စည်းအထုပ်ကြီးများ ထပ်မံပစ်ချရာတွင် စခန်းအပြင်ဘက်သို့ ကျရောက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သွားကောက်ယူစဉ် ကော်သူးလေတပ်မတော်ဘက်က ကြားဖြတ်ပစ်ခတ်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် ဒွယ်လိုးမြို့နယ် မာထောရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ စစ်ကူအဖြစ် စစ်စခန်းရှိရာ မဲဝိုင်ရွာဘက်သို့ ၁၂၀ မမနှင့် ပြန်လည်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟုလည်း မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထိုနေ့တွင်ပင် ဖာပွန်မြို့အနီးရှိ ထူမောဒဲရွာ တံတားအနီးတွင် ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း ကော်သူးလေတပ်မတော်က ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းလည်း မူတြော်ခရိုင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၀)ရက်နေ့တွင်လည်း နယ်မြေအတွင်းရှိ ဆင်စွယ်စခန်းနှင့် နှစ်တောင်ကုန်းစခန်းကို ကော်သူးလေတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သလို ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်တွင်လည်း လယ်တိုးအခြေစိုက် စစ်ကောင်စီတပ် စခန်းကို ကော်သူးလေတပ်မတော်က ဝင်ရောက်တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးသွား ခဲ့ကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ဆက်တည်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့တုန်းကလည်း တပ်ဖွဲ့အင်အား ၁၀၀ ကျော်ရှိ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့သည် မြိုင်ကြီးငူ တစ်ဖက်ကမ်းရှိ အုန်းတောရွာ လေဆိပ်မှတစ်ဆင့် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေထဲကို ထပ်မံဝင်ရောက်လာသည်ဟုလည်း KNU မူတြော်ခရိုင်က ပြောသည်။