Home သတင်း ညောင်လေးပင်ခရိုင်တွင် ၅ လအတွင်း အရပ်သားပြည်သူ ၁၆ ဦးသေဆုံးခဲ့ရ

ညောင်လေးပင်ခရိုင်တွင် ၅ လအတွင်း အရပ်သားပြည်သူ ၁၆ ဦးသေဆုံးခဲ့ရ

656

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင် ၂၀၂၂ ခုနှစ် မေလမှ ယခု စက်တင်ဘာလအထိ (၅ လအတွင်း) စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ (၁၆)ဦးအထိရှိသည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း လေယာဉ်နှင့် (၅)ကြိမ်တိုင် လာရောက်ပစ်ခတ်သည့်အပြင် လက်နက်ကြီး အလုံးရေပေါင်း နှစ်ထောင်ကျော် ပစ်ခတ်သည့်အတွက် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ (၁၆) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးအထိရှိသည်ဟု စက်တင်ဘာလ (၁၇)ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် (၄)ကြိမ်မြောက် ကေအဲန်ယူ ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီဝင် အရေးပေါ်အစည်းအဝေး ကြေညာချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် မေလမှစတင်၍ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO နှင့် စစ်ကောင်စီတပ်ကြား စစ်ရေး ပြန်လည် တင်းမာ လာပြီး စစ်ကောင်စီတပ်မှ စစ်အင်အားတိုးချဲ့လာသည့်အပြိုင်နက် ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်တိုက်ခိုက်မှုများပါလုပ်ဆောင်သောကြောင့် ကျေးရွာပေါင်း (၁၂၅)ရွာမှ ဒေသခံ ပြည်သူတစ်သိန်းနီးပါး ပြောင်းရွှေ့နေထိုင်ကြရသည်ဟု ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်ရသည့် အရပ်သားပြည်သူများမှာ လက်ရှိအချိန်တွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် လူမှုဘဝ မလုံခြုံမှုများ ခံစားနေရကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းအပြင် နယ်မြေအတွင်း အင်အားတိုးချဲ့ ဝင်ရောက်လာသည့်စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသခံ လူထုများကို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများလုပ်ဆောင်ရာတွင် ဒေသခံအရပ်သားပြည်သူ (၉၄) ဦး ဖမ်းဆီးညှဉ်းဆဲခံခဲ့ရ ကြောင်း၊ စစ်ကောင်စီတပ်၏ ယခုကျူးလွန်လိုက်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား ခရိုင်အနေဖြင့် လွန်စွာရွံရှာမုန်းတီးပြီး ကန့်ကွက်ရှုတ်ချကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်က ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။

ယခု စက်တင်ဘာလ (၇)ရက်နေ့မှစ၍ ယနေ့အချိန်အထိ ကျောက်ကြီးမြို့နယ် ဘောကထာ စစ်ကောင်စီတပ်စခန်း၌ တပ်အင်အား (၂၀၀)ကျော် ထပ်မံအင်အားတိုးချဲ့လာပြီး ထိုသို့ စစ်ကြောင်းထိုး အင်အားတိုးချဲ့ရာတွင် လမ်းလုံခြုံရေးများ တင်းကြပ်ချထားကာ ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကေအဲန်ယူက ပြောသည်။