“နိုင်ငံတကာက ကြားဝင်ပြီး ကာကွယ်စောင့်ရှောက်မဲ့ အခြေအနေက ရှိမနေတော့
ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ဖို့ ရှိလာကြတာပေါ့။”
နိုင်ငံတကာအသိအမှတ်ပြုခံထားရသည့် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲတွင် စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဥယျာဉ်ထဲရှိ ဒေသခံ အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု၊ ပြေး လွှားတိမ်းရှောင်နေရမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ရက်နေ့က သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ ၎င်းလေကြောင်း တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံတကာမှ ဖိအားပေးဆောင်ရွက်မှုများ ပိုတိုးလုပ်ဆောင်သွားရန် တောင်းဆို ထားမှုအပေါ် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ပြောခွင့်ရသူ နော်ဝါးခူရှီးနှင့် ကေအိုင်စီ ဆက်သွယ်မေးမြန်းချက်ဖြစ်သည်။
မေး – သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ပေါ်က ဖြစ်ပေါ်နေတဲ့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကနဦး ဘာပြော ချင်လဲ။
အားလုံးသိတဲ့အတိုင်း အခု ကရင်ပြည်နယ်မှာ တိုက်ပွဲကြီးငယ်တွေဖြစ်နေတယ်။ ပြီးတော့ စစ်တပ်ကလည်း သူတို့ လုပ်ဆောင်နေကျအတိုင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတယ်။ အခု လေကြောင်းတိုက် ခိုက်မှုတွေ လာလုပ်တော့ တကယ်တမ်း ထိခိုက်သေဆုံးနေတာက အရပ်သားတွေပဲ ဖြစ်နေတယ်။ စစ်ကောင်စီက လုပ် ဆောင်တဲ့ စစ်ဆင်ရေးတိုင်းက အမြဲတမ်းလိုလို လူထုကိုပဲ လာထိခိုက်နေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ် စေ၊ နယ်မြေဒေသတွေဖြစ်စေ အမြဲတမ်းက အရပ်သားလူထုတွေကိုပဲ ပစ်မှတ်ထားတာ တွေ့ရတယ်။
မေး – ဒီငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုက ဘယ်နှစ်ကြိမ်လောက်ရှိပြီးလဲ။
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရတာက ပြီးခဲ့တဲ့ မတ်လကတည်းကဖြစ်ခဲ့တာ။ အဲ့တုန်းက ထိခိုက်သေဆုံးမှု တော်တော်များများ ဖြစ်ခဲ့တယ်။ အခုအချိန်ထိ မတ်လကနေ အခုနှစ်အထိဆိုရင် ၅ကြိမ် ၆ ကြိမ်လောက်ရှိပြီးထင်တယ်။ ဒါက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်တစ်ခုပဲ ရှိသေးတယ်။ ကရင်ပြည်နယ်ထဲမှာဆိုရင် ဒူးပ လာယာခရိုင်ထဲမှာလည်း လေကြောင်းပစ်ခတ်မှုတွေ ရှိခဲ့တာပဲ။
မေး – ဒီလို တိုက်ခိုက်မှုတွေကြောင့် ဥယျာဉ်ထဲမှာရှိနေတဲ့ ဒေသခံတွေအတွက် ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေ စိုးရိမ် မှုတွေ ရှိနေကြလဲ။
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဆိုတာက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကုလသမဂ္ဂ(UN)ရဲ့ အသိအမှတ်ပြု မှုခံထားရတဲ့ ကရင်ပြည်နယ်ထဲက တစ်ခုတည်းသောဥယျာဉ် ဖြစ်တယ်။ ဒါကို လေးစားအသိအမှတ်ပြုပြီး တန်ဖိုးထား သင့်တာပေါ့။ ဒါကလည်း ဒေသခံလူထုတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူတို့ကိုယ်တိုင် ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ သားရဲ တိရိစာ္ဆန်တွေ၊ သစ်ပင်ဝါးပင်တွေကို ထိန်းသိမ်းနေကြတဲ့နေရာ ဖြစ်တယ်။ အရင်က ဒီနေရာက တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတဲ့ နေရာဆိုပေမဲ့ ငြိမ်းချမ်းရေးရဲ့ အမှတ်သကေင်္တအနေနဲ့ ကြိုးစားတည်ဆောက်ခဲ့ပေမဲ့ အခုဆိုရင် အဲ့ဥယျာဉ်ထဲက လူထု တွေက အခုလို အခြေအနေတွေကြောင့် ကြောက်ရွှံ့စိုးရိမ်မှုတွေနဲ့ အမြဲတမ်းလို နေနေရတယ်။ အထူးသဖြင့် ကလေးသူ ငယ်တွေ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးချို့တဲ့သူတွေအတွက်က ပြေးဖို့လွှားဖို့ အခက်အခဲ ဖြစ်စေတာပေါ့။ ဒေသခံ ကျေးရွာသားတွေက အမြဲတမ်း ကြောက်ရွှံ့မှုနဲ့ နေနေရတယ်။ တချိန်လုံး တောထဲမှာ ပြေးပုန်းရှောင်နေရတယ်။ ရွာထဲ ပြန်လာရင်လည်း သူတို့ရဲ့ ကြက်ဝက် အိမ်မွေးတိရိစာ္ဆန်တွေလောက်ပဲ ပြန်လာကြည့်ရဲတယ်။ တောထဲမှာ ကျောက်ဂူ ကျောက်ဆောင်တွေမှာ သွားသွားနေကြရတယ်။ သူတို့ရဲ့ လုပ်ကိုင်စားသောက်ဖို့ အချိန်တွေလည်း နောက်နှေးကုန် တယ်။ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော စိုးရိမ်ထိခိုက်နေရတယ်။
မေး – ဒီတိုက်ခိုက်မှုတွေအပေါ်မှာ နိုင်ငံတကာတိုင်းပြည်တွေကို တားမြစ်အရေးယူတာတွေ ပြုလုပ်ဖို့ တောင်းဆိုတာ လည်း တွေ့ရတယ်။ တောင်းဆိုမှုကလည်း အကြိမ်ကြိမ်လည်း ဖြစ်နေပြီးအပေါ်မှာ ဘယ်လိုတုန့်ပြန်မှုတွေ ရရှိလဲ။ ဒီအပေါ်မှာ ဘယ်လိုပြောချင်လဲ။
ကျမတို့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ရှောင်ရှားနိုင်ဖို့ No fly zone လိုမျိုး တောင်းဆိုတာမျိုးတွေရှိ တယ်။ ဒေသခံလူထုတွေ စိုးရိမ်းကြောက်လန့် ထိခိုက်သေဆုံးရမှုကနေ လွန်မြောက်နိုင်ဖို့ပေါ့။ ဒါပေမဲ့ အခုချိန်ထိတော့ အဲ့ဒါက ဖြစ်မလာသေးဘူး။ ဒေသခံလူထုတွေကလည်း သူတို့ရဲ့ လုံခြုံရေးအတွက် ဒီပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ နိုင်ငံတကာကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းချင်ပေ မဲ့လည်း လူထုတွေရဲ့ တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်ဘူး။ လေယာဉ်လောင်စာဆီ ရောင်းတာတွေကိုရပ်တန့်ဖို့ စီးပွားရေးအရ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်တယ်ဆိုရင်ပဲ ဥပမာ လေယာဉ်ဆီသာ မရောင်းရင် သူတို့(စစ်ကောင်စီ)အနေနဲ့ တိုင်းရင်းသားဒေသတွေကို ဗုံးလာကြဲတာ၊ လာတိုက်ခိုက်တာ လုပ်ဆောင်နိုင်မှာမဟုတ် ဘူး။
ပြီးတော့ သူတို့ကို လက်နက်ရောင်းချတာတွေလည်း ပိတ်ဆို့အရေးယူဖို့လည်း တောင်းဆိုခဲ့တာပဲ။ ဒါပေမဲ့ နိုင်ငံကြီးအတော်များများက ဒါတွေကို ရောင်းချနေသေးတာကို တွေ့ရတယ်။ အဲ့တော့ ဒေသခံပြည်သူတွေအနေနဲ့က သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပဲ လုပ်ဆောင်နေရတာပေါ့။ အဲ့တော့ လူထုတွေမှာ သူတို့ကို သူတို့ ကာကွယ်နိုင်မဲ့ ပစ္စည်း တွေပဲ လိုအပ်လာကြတယ်။ ဘာဖြစ်လဲဆိုတော့ နိုင်ငံတကာက ကြားဝင်ပြီး ကာကွယ်စောင့်ရှောက်မဲ့ အခြေအနေက ရှိမနေတော့ ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ဖို့ ရှိလာကြတာပေါ့။
မေး – ဒီတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သား ထိခိုက် သေဆုံးမှုကို လျှော့ချနိုင်ဖို့က အဓိက ဘာတွေ လုပ်ဆောင်ဖို့ အကြံပြု တိုက်တွန်းချင်လဲ။ နိုင်ငံတကာရဲ့ ဖိအားကကော ဘယ်လောက်အရေးကြီးလဲ။
အခု ပြန်ကြည့်မယ်ဆိုရင် စစ်ကောင်စီက ပူးပေါင်းလုပ်ဆောင်လို့ရတဲ့သူတွေ မဟုတ်ဘူး။ ဆွေးနွေးမယ်ဆိုရင် လည်း ဆွေးနွေးလို့ မရဘူး။ ၂၀၁၂ကနေ ၂၀၂၁အထိ တချိန်လုံး ဆွေးနွေးခဲ့တာပဲ။ ဒါပေမဲ့ စစ်အာဏာရှင်ဆိုတာနဲ့ သူတို့ နဲ့ သွားဆွေးနွေးဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့ကို ဖိအားပေးဖို့ တစ်နည်းပဲ ရှိတယ်။ အခုဆိုလည်း တစ်နိုင်ငံလုံးက ပြည်သူတွေက စစ်ကောင်စီကို ဆန့်ကျင်နေကြပြီး။ အဲ့ဒါကြောင့် အထူးသဖြင့် တိုင်းရင်းသားတွေအနေနဲ့လည်း အခုချိန် မှာ ညီညွတ်ဖို့လိုပြီး ဒီ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့က။ ဒီ စစ်အာဏာရှင်စနစ် ရှိနေသ၍ကတော့ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး။ သူတို့ ရှိနေသမျှကာလပတ်လုံးက အကြမ်းဖက် ဖိနှိပ်တာတွေ သတ်ဖြတ်တာတွေက ဆက်ဖြစ်နေမှာ ပဲ။
အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံး လက်တွဲပြီး ညီညီ ညွတ်ညွတ်နဲ့ လုပ်ဆောင်ဖို့လိုပြီးဖြစ်တယ်။ ပြန်ကြည့်မယ်ဆိုရင် စစ်တပ်ဘက်ကလည်း အတော်လေး အားနည်းသွား နေပြီး။ ဒါထက်မက နိုင်ငံတကာအနေနဲ့ကလည်း လူထုရဲ့ တောင်းဆိုမှု၊ လိုလားမှုအပေါ် ရပ်တည်ပေးဖို့လိုတယ်။ စီးပွားရေးအရ အရေးယူ ပိတ်ဆို့တာတွေ အကျိုးတူစီးပွားရေးလုပ်ငန်းတွေ၊ ရပ်တန့်တာတွေကို နိုင်ငံတကာ တိုင်းပြည် တွေအနေနဲ့က အထူးသဖြင့် လုပ်ဆောင်ဖို့ လိုတာပေါ့။ နောက်ပြီးတော့ ခုနက ပြောသလို လေယာဉ်လောင်စာဆီတွေ ရောင်းချမှုကို ရပ်တန့်ဖို့လိုတယ်။ လူထုကို ဆန့်ကျင်ထိခိုက်စေမဲ့ ဘယ်ထောက်ပံ့မှုမျိုးမဆို ပိတ်ဆို့ရပ်တန့်ဖို့ လိုလာပြီ။ ဒီလို ဖိအားပေးမှုတွေရှိမှသာလျှင် ပြည်တွင်းပြည်ပလူထုတွေအနေနဲ့လည်း ညီညီညွတ်ညွတ်နဲ့ ရပ်တည်မှသာလျှင် အပြောင်းအလဲက ရှိလာမှာဖြစ်တယ်။