Home သတင်း ကြာအင်း-တဂေး လမ်းမကြီးပေါ် နယ်မြေကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွား

ကြာအင်း-တဂေး လမ်းမကြီးပေါ် နယ်မြေကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွား

785

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေထဲရှိ ကြာအင်း-တဂေး သွား လမ်းမကြီးပေါ်တွင် နယ်မြေကျော်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့ဝင်များအကြား ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

KNLA တပ်ရင်း (၁၇) နယ်မြေအတွင်းသို့ ယနေ့ နံနက် မိုးမလင်းခင် အချိန်တွင် စစ်ကောင်စီဘက်မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး KNLA တပ်ရင်း(၁၇) လက်အောက်ခံ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ သတင်းအရင်းအမြစ်က ယခုလိုပြောသည်။

“ဖြစ်တာက ကြာအင်း-တဂေး ကြားမှာပဲ ဒီမနက်မှာဖြစ်သွားတာ။ ထိခိုက်ကျဆုံးမှုတွေတော့ ကြားတယ်။ ဒါပေမဲ့ အတိအကျတော့ သတင်းမရသေးဘူး။” ဟု အဆိုပါ ဒေသခံ သတင်းအရင်းအမြစ်က ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ကြာအင်းအခြေစိုက် အမြောက်တပ်မှ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့၍ လူနေအိမ်တစ်လုံး ထိမှန်ခဲ့ ပြီး အိမ်မွေးတိရိစ္ဆာန်တချို့ ထိမှန်ခဲ့ကြောင်းလည်း ယင်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကောင်စီဘက်မှ စစ်ကားများဖြင့် ထပ်မံ ရောက်ရှိလာနေကြောင်းနှင့် တိုက်ပွဲကြောင့် ဒေသခံ လူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရမှုများရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ မိနစ်ပိုင်းသာဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် နှစ်ဖက် ပစ်ခတ်မှု ရပ်တန့် သွားပြီး စစ်ကောင်စီဘက်မှ မည်သည့် တပ်ရင်းတပ်ဖွဲ့ဖြစ်ကြောင်းကို ယခုဆက်သွယ်ချိန်အထိ အတည်မ ပြုနိုင်သေးဘဲ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လူနာတင်ယာဉ်များကို အသုံးပြုမှုများတွေ့နေရ သောကြောင့် ထိခိုက် ကျဆုံးမှုရှိနိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။