Home သတင်း လုံခြုံရေး စိုးရိမ်မှုကြားက ကော်သူးလေစုပေါင်းသစ်ပင်စိုက်ပွဲလူထုတစ်ထောင်နီးပါး ပူးပေါင်းပါဝင်

လုံခြုံရေး စိုးရိမ်မှုကြားက ကော်သူးလေစုပေါင်းသစ်ပင်စိုက်ပွဲလူထုတစ်ထောင်နီးပါး ပူးပေါင်းပါဝင်

23

ဇူလိုင်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အသစ်ဖွဲ့စည်းထားသည့် မြဝတီမြို့နယ်ထဲတွင် ယနေ့ပြုလုပ်သော ကော်သူးလေစုပေါင်းသစ်ပင်စိုက်ပွဲမှာ မျှော်မှန်းထားသည်ထက် လူထုပူးပေါင်းပါဝင်မှု များပြားခဲ့ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။

နှစ်စဉ် ဇူလိုင်လအတွင်း ကျရောက်သည့် ကော်သူးလေစုပေါင်း သစ်ပင်စိုက်လကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးတွင် ပြုလုပ်ခဲ့ရာ လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့် မြဝတီမြို့နယ်ရှိ စုပေါင်းသစ်ပင်စိုက်ပွဲတွင် ဒေသခံလူထု တစ်ထောင်နီးပါး ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေး စိုးရိမ်မှုရှိနေကြသော်လည်း ဒေသခံကရင်လူထုများ၏ ပူးပေါင်းပါဝင်မှုအပေါ် အံ့ဩမိကြောင်း ပွဲကိုဦးဆောင်စီစဉ်သူ ကရင်လူငယ်အစည်းအရုံး (KYO) ဗဟို၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ စောဖိုးထူးက ယခုလိုပြောသည်။

၎င်းက “အစက လူ ၃၀၀ လောက်ပဲ မှန်းထားတာ။ ဒီမနက်ရောက်လာတော့ လူက တစ်ထောင်လောက် ရှိတယ်။ ထမင်းထုပ်ပြင်ထားပေးတာ ၃၀၀ စာလောက်ပဲ။ အားလုံး ၇၀၀ ကျော်လောက် တက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မြဝတီမြို့နယ်ထဲရှိ ဖလူး-မင်းလက်ပံ ဒေသအနီးတစ်ဝိုက်တွင် အင်အားထောင်ချီ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

သို့သော် ယနေ့ပြုလုပ်သည့် အစီအစဉ်တွင် မြဝတီမြို့နယ်ထဲက စုကလိမှစ၍ မင်းလက်ပံအထိ ဒေသခံကျေးရွာသားများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံလူငယ်များ လာရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။

အစီအစဉ်တွင် ပူးပေါင်းပါဝင်သူ သေ့ဘောဘိုးဒေသခံ ရွာသားတစ်ဦးက “ဒီလိုသစ်ပင်စိုက်တာက ကျနော်တို့ဒေသအတွက်၊ ကော်သူးလေပြည်အတွက် အရမ်းအရေးကြီးတယ်။ ကျနော်တို့ဒေသကိုကြည့်လိုက်၊ သစ်တောတွေက ဘာမှမကျန်တော့ဘူး။ ကြာလာရင် ဒုက္ခရောက်ကုန်တော့မယ်။ အခုလို လူစုလူဝေးလုပ်ရင် လေယာဉ်ဗုံးလာကြဲမှာလည်း ကြောက်တယ်။ ဒါပေမဲ့ သစ်တောမရှိတော့ရင် ကျနော်တို့သားသမီး မြေးမြစ်တွေအတွက် ပိုကြောက်စရာကောင်းလာလိမ့်မယ်။ ဒါကြောင့် ဒီနေ့ပွဲကိုလာတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့အစီအစဉ်ကို ကေအဲန်ယူ သစ်တောဌာနဗဟိုမှ ဌာနမှူး ပဒိုမန်းဘထွန်း ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သလို နယ်မြေခံ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ပြီး သစ်ပင်ရေထောင်နှင့်ချီ စိုက်ပျိုးခဲ့ကြသည်။

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် ကေအဲန်ယူ၏ (၁၆) ကြိမ်မြောက် ကွန်ဂရက်တွင် ဇူလိုင်လတစ်လလုံးကို ကော်သူးလေ စုပေါင်းသစ်ပင်စိုက်လအဖြစ် သတ်မှတ်ခဲ့ပြီး ကော်သူးလေခရိုင်ဒေသအသီးသီးတွင် သစ်ပင်စိုက်ပွဲများ နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် (၉) နှစ်မြောက် ရှိပြီဖြစ်သည်။

Photo: KIC