Home သတင်း သစ်ပင်သစ်တောများကို တန်ဖိုးထားတတ်စေရေး ဖားအံခရိုင်အတွင်း (၉) ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ လှုပ်ရှားမှု စတင်

သစ်ပင်သစ်တောများကို တန်ဖိုးထားတတ်စေရေး ဖားအံခရိုင်အတွင်း (၉) ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ လှုပ်ရှားမှု စတင်

13

ဇူလိုင် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

သစ်ပင်၊ သစ်တောများ၏တန်ဖိုးကိုသိရှိလာစေရန်နှင့် တန်ဖိုးထားတတ်စေရန်ရည်ရွယ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်တစ်နေရာတွင် ကေအဲန်ယူဗဟိုနှင့်ခရိုင်သစ်တောဌာနတာဝန်ရှိသူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ(၁)ရက်နေ့၌ (၉)ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ လှုပ်ရှားမှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများခေါင်းဆောင်မှုဖြင့် ဗဟိုနှင့်ခရိုင်သစ်တောဌာနအဖွဲ့ဝင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၇) တပ်ရင်း၊ တပ်ဖွဲ့တာဝန်ရှိသူများ၊ ဒေသခံများ ပါဝင်တက်ရောက်ကြသည့် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ လှုပ်ရှားမှုအတွင်း သဘာဝပတ်ဝန်းကျင်အကျိုးပြု နှစ်ရှည်ပင်များကို မျိုးစေ့ချစိုက်ပျိုးခဲ့ကြခြင်းလည်းဖြစ်သည်။

“ဒီနေ့ပွဲကတော့ အဓိက သစ်ပင်၊ သစ်တောတွေကိုတန်ဖိုးထားတတ်ဖို့ပါ။ သစ်ပင်စိုက်ခြင်းရဲ့အကျိုးကျေးဇူးက လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ အရပ်ဖက်ဖြစ်ဖြစ် စစ်ဖက်ဖြစ်ဖြစ် သစ်တောတွေအပေါ်မှာ ၈၀ ရာခိုင်နှုန်း ကျော်လောက်က မှီခိုနေရတယ်။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ သစ်ပင်တွေစိုက်ဖို့၊ သစ်တောတွေရှင်သန်ဖို့ကို စီစဥ်လုပ်ဆောင်နေကြတာပါ” ဟု ဖားအံခရိုင်၊ သစ်တောဌာန အတွင်းရေးမှူး စောကလယ်ထူးက ပြောသည်။

ယနေ့လှုပ်ရှားမှုကို အခမ်းအနားအစီအစဥ်ဖြင့် ပြုလုပ်သွားခြင်းဖြစ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးမှုမစတင်ခင် ကေအဲန်ယူ-ဗဟိုသစ်တောဌာန တာဝန်ခံမှ ဇူလိုင်လတွင်ကျရောက်သည့် (၉)ကြိမ်မြောက် ကော်သူးလေစုပေါင်းသစ်ပင်စိုက်လသို့ ပေးပို့သော တိုက်တွန်းနှိုးဆော်စာ ဖတ်ကြားခြင်း၊ တက်ရောက်လာသည့်တာဝန်ရှိသူများမှ အမှာစကားများပြောကြားခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။

အခမ်းအနားတက်ရောက်သူ လူငယ်တစ်ဦးက “ကျနော်တို့ဒေသမှာ တောင်ယာလုပ်ငန်းများပြားပြီး သစ်တောတွေခုတ်ကြတယ်။ သစ်ပင်ခုတ်တာအားသန်ပေမယ့် စိုက်တာတော့သိပ်မတွေ့ရဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ကိုယ်နိုင်သလောက်အင်အားနဲ့ သစ်ပင်စိုက်ဖို့ စိတ်အားထက်သန်စွာလာပြီး ဒီနေ့ကိုအချိန်ပေးရတာဖြစ်တယ်။ နှစ်ရှည်လများကြာရင် ဒီသစ်ပင်တွေက ဒေသအတွက် ဒေသခံတွေအတွက် ပိုကောင်းမွန်လာစေမယ်” ဟု ကေအိုင်စီကို ပြောသည်။

“ကော်သူးလေ ထာဝစဥ်စိမ်းလန်းစိုပြေဖို့ နှစ်စဥ်စုပေါင်းသစ်ပင်စိုက်ကြစို့” ဆောင်ပုဒ်ဖြင့် ယခုဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ အကျုံးဝင်သော ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ကေအဲန်ယူ၏(၁၆)ကြိမ်မြောက် ကွန်ကရက်မှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၉) ကြိမ်မြောက်ရှိခဲ့ခြင်းဖြစ်သည်။

နှစ်စဥ် ဇူလိုင်လရောက်တိုင်းကျင်းပလာသည့် သစ်ပင်စိုက်လှုပ်ရှားမှုတွင် စိုက်သည့်နေရာ၊ စိုက်ပျိုးမှုအရေအတွက်နှင့် စုပေါင်းပါဝင်မှုအင်အားမှာ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသလို ယခုနှစ်တွင်လည်း ဖားအံခရိုင်တစ်ခုလုံးအားဖြင့် သစ်ပင်စုစုပေါင်းအရေအတွက် (၅,၀၀၀)တိတိ စိုက်ပျိုးရန်သတ်မှတ်ထားခြင်းရှိကြောင်း သိရသည်။

ယနေ့ ဖားအံခရိုင်တွင်ပြုလုပ်သော သစ်ပင်စိုက်လှုပ်ရှားမှုတွင် ဖားအံခရိုင်သစ်တောဌာနအတွင်းရေးမှူး စောကလယ်ထူးအပါအဝင်၊ ခရိုင်ပညာပေး၊ စည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ပဒိုနော်ရှီးဝါး၊ တပ်မဟာ(၇) ထောက်လှမ်းရေးမှူး၊ တပ်ရင်း(၁၉)တပ်ရင်းမှူးနှင့် ကျေးရွာတာဝန်ရှိသူများ၊ အဖွဲ့ဝင်များ၊ ဒေသခံများ စုစုပေါင်း လူပေါင်း(၂၀၀)ဝန်းကျင် ပါဝင်ခဲ့ကြသည်။