ဇူလိုင် ၁ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လွန်းညစံပြကျေးရွာ၊ ရေပြာအိုင်မုဒ်ဝအနီးတွင် ဇွန်လ ၂၉ ရက်နေ့က လူငယ်တစ်စု၏ ဓားဖြင့် ပစ်ပေါက်ခြိမ်းခြောက်မှုကြောင့် ဆိုင်ကယ်မတော်တဆဖြစ်ကာ ကော့စိန်ဘန် အောက်ကျေးရွာ၊ တံတားဦးကျေးရွာနေ အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်တွင် သေဆုံးသူလူငယ်သည် သူငယ်ချင်းများနှင့်အတူ ဆိုင်ကယ်ဖြင့် လည်ပတ်နေစဉ် အဆိုပါနေရာ၌ တုတ်၊ ဓားရှည်နှင့် လေးဂွများ ကိုင်ဆောင်ကာ ထိုင်နား နေသည့် လူငယ်အုပ်စုက ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်၏ အသံကျယ်လောင်မှုကို အကြောင်းပြု၍ ဓားဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဓားဖြင့် ပစ်ပေါက်ခံရသဖြင့် ထိတ်လန့်သွားသည့် လူငယ်မှာ ဆိုင်ကယ်ကို အရှိန်ပြင်းစွာဖြင့် မောင်းနှင် ထွက်ပြေးခဲ့ရာ မျက်နှာချင်းဆိုင်မှ လာသည့်ကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်ဒေသခံများက အတည်ပြုသည်။
“သူငယ်ချင်းတွေ လာခေါ်လို့ အမေခွင့်ပြုချက်နဲ့ သွားတာပါ။ ဆိုင်ကယ်အသံကျယ်တာက ပြောင်းကို ပြုပြင်ထားလို့လို့ သိရတယ်။ မုဒ်ဝနားအရောက်မှာပဲ ဓားနဲ့ အလှမ်းပေါက်ခံရတော့ ကြောက်ပြီး အရှိန်နဲ့ မောင်းပြေးတာပါ။ အဲဒီမှာ ရှေ့ကလာတဲ့ကားကို တိုက်မိပြီး ဆေးရုံအရောက်မှာ သွေးလွန်ပြီး ဆုံးသွား တာပါ” ဟု ဖြစ်စဉ်နှင့် နီးစပ်သည့် ရွာခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းထားသည့် လူငယ်မှာ ခေါင်းတွင် ပြင်းထန် သော ဒဏ်ရာများရရှိခဲ့သည့်အပြင် ပေါင်နှင့် လက်များ ကျိုးပဲ့ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင် ၁ ရက်) တွင် ၎င်းတို့၏ ကျေးရွာသုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။
ကျူးလွန်သူများမှာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဖြစ်စဉ်ကို လာရောက်စုံစမ်းသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးအရေးယူခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လပြည့်၊ လကွယ်ရက်များ၌ ဆိုင်ကယ်အ သံကျယ်လောင် အောင် မောင်းနှင်ခြင်း၊ အုပ်စုဖွဲ့၍ တုတ်၊ ဓားများဖြင့် ရမ်းကားခြင်းများ မကြာခဏဖြစ်ပေါ် နေသော် လည်း တာဝန်ရှိသူများက ထိရောက်စွာ အရေးယူမှုမရှိသည့်အတွက် “မင်းမဲ့စရိုက်” များ ပိုမိုဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း သာမညကျေးရွာအနီးတွင် ကျင်းပသည့် ပွဲလမ်းသ ဘင်အပြန် လူငယ်တစ်ဦးမှာ အုပ်စုဖွဲ့ ဆွဲချရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးသည်။



















