Home သတင်း မြဝတီမြို့တွင် လူငယ်လူရွယ်များ ပေါ်တာဆွဲခံရမှု ပိုများလာ

မြဝတီမြို့တွင် လူငယ်လူရွယ်များ ပေါ်တာဆွဲခံရမှု ပိုများလာ

14
Photo: CJ

ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင် လူငယ်များ ပစ်မှတ်ထား၍ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုအဖြစ် များလာကြောင်း မြို့ခံများက ပြောသည်။

မြဝတီ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်ထောက်ခံသူများက စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လူငယ်၊ လူလတ် ပိုင်းအရွယ်များအား အဓိက ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ပြီး လူငယ်များ စစ်မှုထမ်း စစ်သားသစ်အဖြစ် ပေါ်တာဖမ်းဆီးမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်နေသည်ဟု သိရသည်။

ယခု ဇွန်လအတွင်း မြို့ပေါ်ရပ်ကွက်များတွင် ညအချိန်မတော် အပြင်ထွက်သွားလာနေသည့် နယ်ခံ အမျိုးသားလူငယ်နှစ်ဦး စစ်မှုထမ်းရန် ပေါ်တာဆွဲခံလိုက်ရပြီး ကရင်ပြည်နယ် စစ်မှုထမ်း လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခံနေရသည်ဟု မိသားစုနှင့်နီးစပ်ရာက ပြောသည်။

” မြို့ပေါ်မှာပဲ ညဘက်ထွက်ရင်း ၁၀ နာရီလောက် လမ်းဆုံတစ်နေရာမှာ ဆွဲခံထိတာ။ သူတို့က လူငယ်ဆိုတော့ နည်းနည်းပါးပါး စားတာသောက်တာတို့ ခါတိုင်း အဲ့လိုမျိုးအချိန် ထွက်နေကြပဲလေ။ အဲ့နေ့ကျမှ ကံဆိုးသွားတာပေါ့။ သူများ ခေါ်သွားတာ ဖားအံထိ ရောက်သွားတယ်။ စစ်မှုထမ်းထဲ ပါသွားလို့ သွားရတော့မယ်။ လိုက်လို့ မရတော့ဘူးဆိုပြီး သွားခါနီးညက မိသားစုဝင်တွေကို ဖုန်းဆက် အသိပေးလာမှ သိရတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြဝတီ-ဖားအံ လမ်းပိုင်းတွင်လည်း စစ်အုပ်စု စစ်ဆေးရေးဂိတ်များ၌ ခရီးသည် တင်ယာဉ်များကို ရပ်တန့်စစ်ဆေးကာ ပြည်တွင်းမှ တက်လာသည့် (၁၂/) နှင့် (၁၃/) မှတ်ပုံတင်ကိုင်ဆောင်ထားသည့် လူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။

မြဝတီ-ဖားအံ ယာဉ်မောင်းတစ်ဦးက “အဖမ်းအဆီးဖြစ်တာ ကြာပြီ။ အောက်ကနေ လိုင်စင်ကားနဲ့ တက်လာတဲ့သူတွေ တစ်ယောက်စ၊ နှစ်ယောက်စ ခဏခဏ ပျောက်တာရှိတယ်။ တံတားကျိုး၊ အဖွဲ့စုံရှိတဲ့ ဂျိုင်းတံတားအရှေ့ဘက် အနားလောက်မှာ တခါတလေ သုံးယောက်၊ လေးယောက် ပါသွားတာတွေလည်း ရှိတယ်။ စစ်ပြီးရင် လူချန်ခိုင်းပြီး ကားသမားတစ်ယောက်ကိုပဲ ပြန်လွှတ်တာတို့လည်း ရှိတယ် ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ယခုလို လမ်းခရီးတစ်လျှောက်တွင် ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်နေကြောင်း သတင်းများကြောင့် ထိုင်းကတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် လူငယ်တချို့မှာ မြဝတီ-ဖားအံ အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာရန် စိုးရမ်မှုမြင့်တက်ကြပြီး လုံခြုံရေးအရ အဆိုပါ လမ်းမကြီးကို ရှောင်ရှားကာ တောလမ်းများသို့ ပြောင်းလဲအသုံးပြုခဲ့ကြသည်ဟု ဒေသတွင်း ခရီးသွားသူနှင့် ယာဉ်မောင်းများ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် မြဝတီမြို့သို့ တက်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရသလို ဇွန်လ ၂၅ ရက်နေ့ကလည်း ဝဲကရင်ကျေးရွာအနီးနှင့် ကျားကလေး လမ်းဆုံနေရာများတွင် လူငယ် အယောက် ၃၀ ခန့် ပေါ်တာအဖမ်းခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီက စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် စစ်အုပ်စုက စစ်မှုထမ်းသင်တန်းများ ဆက်တိုက်ဖွင့်လှစ်ခဲ့ရာ လက်ရှိအပတ်စဥ်(၂၆)အထိ ရောက်လာပြီ ဖြစ်သည်။ စစ်မှုထမ်း သင်တန်း တက်ရောက်ပြီးနောက် ရှေ့တန်းထွက်ရသည့် စစ်မှုထမ်းအများအပြားမှာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံမှုများလည်း ရှိနေသည်။