Home သတင်း ခွန်ဥက္ကာ ဦးဆောင်သည့် PNLO (NCA-S) အဖွဲ့ တရားဝင်မှုမရှိကြောင်း PNLO ထုတ်ပြန်

ခွန်ဥက္ကာ ဦးဆောင်သည့် PNLO (NCA-S) အဖွဲ့ တရားဝင်မှုမရှိကြောင်း PNLO ထုတ်ပြန်

47
Photo: Crd.

ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယကအဖြစ်မှ နုတ်ထွက်သွားသည့် ခွန်ဥက္ကာ ဦးဆောင်၍ PNLO (NCA-S) အမည်ဖြင့် သီးခြားအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေမှုများသည် မိခင်အဖွဲ့အစည်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းတို့သည် PNLO ကို တရားဝင်ကိုယ်စားပြုသည့် အဖွဲ့အစည်းမဟုတ်ကြောင်း PNLO ဗဟိုကော်မတီက ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ခွန်ဥက္ကာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် PNLO အမည်ကို အသုံးပြုကာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းထုတ်ပြန်ချက်သည် PNLO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ညီလာခံ၏ အမြင့်ဆုံးအာဏာနှင့် ဗဟိုကော်မတီ၏ တရားဝင် ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ပြည်သူလူထုအကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် သဖြင့် ယခုလို ရှင်းလင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ဦးခွန်ဥက္ကာ ဦးဆောင်ပြီး PNLO NCA-S နာမည်နဲ့ လှုပ်ရှားမှုတွေဟာ PNLO အပေါ်မှာ ပြည်သူလူထုနဲ့ မဟာမိတ်အင်းအားစုတွေက ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ PNLO နာမည်နဲ့ မဆက်စပ်ဘဲနဲ့၊ PNLOရဲ့ တရားဝင်မှုနဲ့ မသက်ဆိုင်ဘဲနဲ့ အခြားအမည်နဲ့ အခြားအဖွဲ့သစ်တစ်ခုကို ရှင်းရှင်းလင်းလင်း ဖွဲ့မည်ဆိုရင် ကျနော်တို့လည်း ပြောစရာအကြောင်းမရှိပါဘူး။ အခုကတော့ PNLO တရားဝင်မှုကို ခုတုံးလုပ်ပြီးတော့ အသုံးချတာ ဖြစ်တဲ့အတွက် မပြောချင်ဘဲနဲ့ ပြောရတာ ဖြစ်တယ်” ဟု ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူက ကေအိုင်စီသို့ ပြောသည်။

PNLO ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ ခွန်ဥက္ကာသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် နာယကအဖွဲ့ချုပ်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့ပြီး အလားတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ နန်းယဉ်ယဉ်စိုးသည်လည်း အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း နှုတ်ဖြင့် တင်ပြခဲ့သည်ဟု ဆိုသည်။

ထိုသို့ နုတ်ထွက်မှုများကို PNLO ဗဟိုကော်မတီမှ ဆွေးနွေးဆုံးဖြတ်ခြင်း မပြုရသေးမီအချိန်တွင် ၎င်းတို့ သည် PNLO ၏ အမည်ကို အခြေခံ၍ PNLO (NCA-S) ဟူသော အမည်ဖြင့် အဖွဲ့အစည်းအသစ်တစ်ခုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် သီးခြား ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ချက်သည် PNLO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်ဆုံးဖြတ်ပြီးနောက် ၎င်းတို့အား အဖွဲ့ချုပ်မှ စည်းကမ်းအရ ထုတ်ပယ်ခဲ့ပြီး လာမည့် စတုတ္ထအကြိမ် ညီလာခံတွင် အယူခံဝင်နိုင်ကြောင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်ဟု PNLO ဗဟိုကော်မတီက ထည့်သွင်းပြောဆိုထားသည်။

ထို့အပြင် အခြားဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ခွန်နေထူး (ခ) ခွန်နေပိုင်သည်လည်း မိမိ၏ ဆန္ဒအလျောက် ရာထူးနှင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာ တင်ပြခဲ့သဖြင့် ဗဟိုကော်မတီမှ စိစစ်ဆုံးဖြတ်ပြီး နုတ်ထွက်ခွင့်ပြုကြောင်း တရားဝင် အကြောင်းပြန်ကြားခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် PNLO မှ မိမိတို့ဆန္ဒအလျောက် နုတ်ထွက်သွားသူများနှင့် ထုတ်ပယ်ခံရသူများသည် PNLO ၏ အမည်ကို အသုံးပြု၍ အဖွဲ့အစည်း ထပ်မံဖွဲ့စည်းခွင့်မရှိကြောင်း၊ နိုင်ငံရေးသဘောတူညီချက်များ ပြုလုပ်ခြင်းအပါအဝင် ပြည်တွင်း၊ ပြည်ပ၌ PNLO ကို ကိုယ်စားပြု၍ တရားဝင် ဆောင်ရွက်ပိုင်ခွင့် မရှိသည့်အတွက် PNLO (NCA-S) သည် PNLO ကို တရားဝင် ကိုယ်စားပြုသော အဖွဲ့အစည်း မဟုတ်ကြောင်း အဖွဲ့ချုပ်က ထပ်လောင်းရှင်းလင်းထားသည်။

ထို့အတူ PNLO NCA-S အမည်ဖြင့် ထုတ်ပြန်သော စာတမ်းများ၊ ခန့်အပ်စာများ၊ ကိုယ်စားပြုစာများနှင့် အခြား ဆက်သွယ်ဆောင်ရွက်မှုများကို PNLO ၏ တရားဝင်သဘောထား သို့မဟုတ် တရားဝင်ကိုယ်စားပြုမှုအဖြစ် မမှတ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိခင် PNLO အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီမိုကရေစီကျသော လုပ်ထုံးလုပ်နည်းများနှင့် ညီလာခံ၏ အမြင့်ဆုံးအာဏာကို အစဉ်လေးစားလိုက်နာလျက်ရှိပြီး အဖွဲ့အစည်း၏ ခေါင်းဆောင်မှု၊ မူဝါဒများနှင့် အနာဂတ်ဦးတည်ချက်များကို ညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆက်လက် သတ်မှတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

လတ်တလောတွင် PNLO အနေဖြင့် စတုတ္ထအကြိမ်မြောက် ညီလာခံကို အမြန်ဆုံး ကျင်းပနိုင် ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် သတင်းမီဒီယာများအနေဖြင့် PNLO နှင့် သက်ဆိုင်သော တရားဝင် သတင်းအချက်အလက်များကို ညီလာခံမှ ရွေးကောက်တင်မြှောက်ထားသည့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်များပေါ်တွင်သာ အခြေခံဆောင်ရွက်ကြရန် တောင်းဆိုထားသည်။