Home တွေ့ဆုံမေးမြန်းခန်း တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူး)

တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူး)

446

တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူး)

“ကိုယ့်သား မြေးမြစ်တွေ လက်ထက်မှာတော့ ဒီလို စစ်ဘေးရှောင်ရတဲ့ဘဝကို
မပေးကြုံချင်တော့ဘူး။ ပညာသင်ခိုင်းပြီး အေးဆေးနေခိုင်းချင်တာ”

၂၀၂၁၊ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပေါ်ခဲ့သည့် လေးကေ့ကော်နှင့် အနီးဝန်းကျင် တိုက်ပွဲကြောင့် မိသားစုဝင် ၉ဦးနှင့် အတူ တစ်လကျော်ကြာ စစ်ဘေးမှ တိမ်းရှောင်နေထိုင်နေရသူ ရသေ့ဂူကျေးရွာနေ အသက် (၇၀)အရွယ် အဖီးနော်အေး သန်းနှင့်တွေ့ဆုံ၍ ရှောင်တိမ်းနေထိုင်ရသည့် အတွေ့အကြုံများကို ကေအိုင်စီက လူတွေ့မေးမြန်းထားခြင်း ဖြစ်သည်။

မေး – ဒီနေရာမှာ စစ်ဘေးလာရှောင်ရတာ ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းနေရပါသလဲ။
ကျမတို့နေရတာ ၁လလောက်ရှိနေပြီး။ ကြုံရာ ခင်းအိပ်နေရတာ။ မိုးမရွာတာပဲ ကံကောင်းတယ်။ ဒါပေမဲ့ အခု မိုးကရွာနေတော့ အမိုးမလုံတော့ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရဘူး။ ဝါးနဲ့ ဟိုအပေါက်လှမ်းထိုးဖာလိုက်၊ ဒီအပေါက်လမ်းထိုးဖာလိုက်နဲ့ မအိပ်ရဘူး။ မိုးတအားကြီးရင်တော့လည်း မခြောက်တော့ဘူး။ ဒါပေမဲ့လည်း ထိုင်လို့ရ ရင် အဆင်ပြေပါတယ်။

မေး – ဒီလိုသာ ဆက်ဖြစ်နေရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲ။
ဒီလိုသာ ဆက်ဖြစ်နေရင် အဖွားတို့ ဘယ်နေနိုင်မလဲ။ အိမ်ကိုပဲ ပြန်နေချင်တာပေါ့။ ဒီလိုပဲ နေနေရမယ်ဆိုရင် ဘယ်နေလို့ ပျော်မလဲ။ နေလည်း မနေနိုင်ဘူး။ မတတ်သာလို့သာ လာနေ နေရတာ။ အဆင်ပြေရင် ကိုယ့်အိမ်မှာပဲ နေချင်ကြတာပေါ့။ ကိုယ့်အိမ် ပြန်နေမယ်ဆိုတော့လည်း မပြန်ရဲဘူး။ တခြားလူတွေလည်း ပြန်မနေတော့ ကိုယ်လည်း မနေရဲဘူး။ အခုက သားသမီးတွေကော၊ မြေးသေးသေးလေးတွေကော ပါနေတော့ သူတို့ကိုလည်း သနားတယ်။ အဖီး ကိုယ်တိုင်လည်း အင်မတန်ပဲ။ ရောဂါနဲ့ အခုက ဆီးချိုဆေးလည်း မရှိတော့ဘူး။ လိုက်ရှာလို့လည်း အဆင်မပြေဘူး။ ဆီးချိုတက်တော့ ဘာမှမလုပ်တတ်ဘူး။ သွေးတိုးကလည်း ရှိသေးတယ်။ ဒီက ဆရာမလေးတွေလည်း ကြိုးစားပြီး ရှာ ပေးတယ်။ ဖုတ်ဖရာ့ဘက်မှာ ရှိတယ်။ ဖုတ်ဖရာ့ဘက်ကို ဘယ်သွားတတ်မလဲ။

မေး – ဒီမှာရက်ပေါင်းများစွာ နေလာရတော့ ကိုယ့်အတွက် အကြီးမားဆုံး အခက်အခဲက ဘာတွေရှိလဲ။

အခက်အခဲ အကြီးကြီးကိုတော့ အဖီးလည်း မပြောတတ်ဘူး။ ဒီမှာနေတာ လာလှူကျွေးမွေးတဲ့သူကိုပဲ အများ ကြီး ကျေးဇူးတင်နေရပြီး။ လူတစ်ဆယ်နှစ်ဆယ်မဟုတ်ဘူး။ လူရာနဲ့ချီ ထောင်နဲ့ ချီရှိနေတာ။ ကျွေးမွေး ကူညီပေးတာ ကိုပဲ ကျေးဇူးတင်လှပြီး။ အစားအသောက်ကို ကောင်းကောင်းမွန်မွန်ပဲ ကျွေးမွေးတယ်။ ဒါပေမဲ့ အဖွားရဲ့ဆေးပဲ သူတို့ ရှာမရဘူး ဖြစ်နေတယ်။ ကိုယ် ကိုယ်တိုင်ကလည်း ပိုက်ဆံမရှိ။ ပြောင်းလည်း တစ်လုံးမှ မချိုးရဘူး။ ကိုယ့်မှာပိုက်ဆံ မရှိတော့ ဘာတွေကို လိုက်ဝယ်စားသောက်လို့ရမလဲ။ ညညဆိုလည်း ကောင်းကောင်း အိပ်မပျော်ဘူး။ လေပဲ တက် တာလား၊ မူးမိုက်နေတာလား အမျိုးမျိုးဖြစ်နေတာ။ ဒီလိုပဲ ကြိတ်ခံနေရတယ်။

မေး – ရသေ့ဂူရွာမှာ အရင်ကတည်းက တိုက်ပွဲတွေဖြစ်ခဲ့ဖူးတော့ ဒီတစ်ကြိမ်နဲ့ဆိုရင်ဘဝမှာ ဘယ်နှစ်ကြိမ်လောက် ပြေးလွှာခဲ့ရဖူးပြီးပြီးလဲ။
အားပါး(အာမေဋိတ်)…။ အဖွား သိတတ်စအရွယ် ငယ်ငယ်ကလေးတည်းက ဖလူးကျကတည်းက ပြေးခဲ့ရဖူး တာ။ ဖလူးကျတုန်းက အဖွားက ၁၆နှစ်ပဲ ရှိသေးတယ်။ အပျိုပေါက်လေးပေါ့။ ပြေးပြေးပြီး အခြေအနေကောင်းရင် ပြန် လာနေ။ အခြေအနေကောင်းလို့ ပြန်လာနေပြီး နောက်တစ်ကြိမ်ထပ်ပြေးရပြန်ရော။ ၂၀၁၀တုန်းကဖြစ်မယ် အဲ့တုန်းက တစ်ကြိမ်။ အခု တစ်ကြိမ်ပေါ့။ ဘဝက စစ်ဘေးပဲ ရှောင်နေခဲ့ရတာ။ တိုက်ပွဲ သေနတ်သံတွေ ကြားမှာပဲ ကြီးပြင်းလာခဲ့ ရတာ။ ဒါပေမဲ့ အသက် ၄၀ကျော်၊ ၅၀အရွယ်လောက်တုန်းကပဲ ကောင်းကောင်းမွန်မွန် နေခဲ့ရဖူးသေးတယ်။ အခုတစ် ကြိမ်လည်း တော်တော်လေး ကြိတ်နေလိုက်သေးတယ်။ ဒါပေမဲ့ လေယာဉ်လာတော့ မနေရဲတော့ဘူး။ သူတို့ ကျည်သီး တစ်လုံး တစ်လုံးက နည်းတာမှမဟုတ်တာ။ ပြေးလို့လည်း မနိုင်ပါဘူး။ သူများကိုယ့်ကို ထမ်းပြေးရတာချည်းပဲ။ အဝတ် အစားအပိုလည်း ဘာမှမပါဘူး။ အဝတ်တစ်စုံ ကိုယ်တစ်ခုပဲ။ အဝတ်အစား၊ ခြင်ထောင်၊ စောင်တွေက သူများပေးတာ ချည်းပဲ။

မေး – အခု အဖြစ်ချင်ဆုံး ဆန္ဒလို့ပြောရင် ဘယ်လိုဖြစ်ချင်လဲ။
ဖြစ်ချင်တာကတော့ ကိုယ့်အိမ်မှာပဲ အေးအေးချမ်းချမ်း ပြန်နေချင်တာပေါ့။ တိုက်ပွဲတွေလည်း မလိုချင်တော့ ဘူး။ ငြိမ်းချမ်းတာပဲ လိုချင်တာပေါ့။ ကိုယ့်သားသမီး မြေးတွေနဲ့ပဲအေးအေးဆေးဆေး စုစုစည်းစည်း နေချင်တယ်။

မေး – ရွာမှာကော ဘာအဓိက လုပ်ကိုင်စားသောက်လဲ။
စပါးနဲ့ ပြောင်းပဲ အဓိက လုပ်တာပေါ့။ အခြား ကုန်ကူ ရောင်းဝယ်တာလည်း ဘားမှ မလုပ်တတ်တာ။ တောင်ယာပဲ ခုတ်စားရတာပေါ့။ အခုက ဘာမှ မရတော့ဘူး။ ပြောင်းလည်း တစ်လုံးမှ မချိုးရသေးဘူး။ ယောကျ်ားသားတချို့တော့ ပြန်ကြတာပေါ့။ သူဌေးက ပြောင်းလာသိမ်းတော့မလားဆိုပြီး ပြန်သွားကြတယ်။ ဒါပေမဲ့ ဗမာ(စစ်တပ်)က ပိတ်ထား တယ်ဆိုလား။ ဘာမှလုပ်လို့ မရဘူး။ အခု ပြောင်းချိုးထားပြီးသား လူတွေလည်း မိုးရွာတော့ ဘာလုပ်လို့ရမလဲ။ အကုန် ပုပ်ပွပျက်စီးကုန်တော့မှာပဲ။ ဆင်းရဲဒုက္ခတော့ ကြုံနေရပြီး ဒီတစ်ကြိမ်တော့။

မေး – နောက်ဆုံးအနေနဲ့ ဒီစစ်ပြေးရှောင်ဘဝကနေ ရုန်းထွတ်နိုင်ဖို့ ဘယ်လိုတောင်းဆိုချင်လဲ။
တိုက်ပွဲကိုတော့ အဖွားတို့ မလိုချင်ဘူး။ မလိုချင်ဘူးဆိုပေမဲ့ သူတို့(လက်နက်ကိုင်)တွေကိုလည်း ဘာမှမပြော ရဲဘူး။ ပြောလို့လည်းမတတ်ဘူး။ သူတို့ကြိုက်လား မကြိုက်လည်း ကိုယ်တွေလည်း မသိဘူးလေ။ ဘာပြောရဲမလဲ။ သူတို့လည်း ဘယ်တိုက်ချင်ပါ့မလဲ အဖွားထင်တာတော့။ စစ်တိုက်တာက သူများသေသလို ကိုယ်လည်း သေနိုင်တာပဲ လေ။ မတတ်သာလို့သာ သူတို့ စစ်တိုက်နေရတာပဲ။ မတတ်သာတဲ့ အဆုံးတော့ တိုက်ရမှာပဲလေ။ အဖွား စဉ်းစားမိတာ က ကိုယ့်သား မြေးမြစ်တွေ လက်ထက်မှာတော့ ဒီလို စစ်ဘေးရှောင်ရတဲ့ဘဝကို မပေးကြုံချင်တော့ဘူး။ ပညာသင်ခိုင်း ပြီး အေးဆေးနေခိုင်းချင်တာ။

အခု အဖွားကလေးတွေဆိုရင် စာတောင် ကောင်းကောင်း မဖတ်တတ်ဘူး ပြေးလွှားနေရတာ။ အသက်ကြီး လာတော့ ကျောင်းပြန်နေလို့ ဘယ်ရဲမလဲ သူတို့လည်း။ အခု မြေးတွေဆိုလည်း ၇နှစ်၊ ၈နှစ်အရွယ်ရှိပြီး အခုထိကျောင်း မနေရသေးဘူး။ ကျောင်းနေရမဲ့အရွယ်ရောက်တော့ ကိုရိုနာဖြစ်တယ်။ အခုကလည်း တိုက်ပွဲတွေ ဖြစ်ပြန်ပြီး။ သူတို့ မိဘတွေလိုပဲ ဖြစ်နေမှာပဲ။ စာတစ်လုံးမှ တတ်မှာမဟုတ်ဘူး။ သူများက သေဆိုလည်း သေရမဲ့ဘဝပဲ။ စာမှမတတ်တာ။ အဲ့တော့ အဖီး မြေးမြစ်အရွယ်တွေတော့ ဒီလို အဖြစ်မျိုး မရှိစေချင်တော့ဘူးလေ။ ကိုယ့်မြေးမြစ်တွေကိုတော့ စာတတ် ချင်စေချင်တာပေါ့။ သူတို့ မိဘတွေခေတ်လိုပဲ ဆိုရင်တော့ ဘာမှ နားလည်မှာမဟုတ်ဘူး။