Home သတင်း ကမိုင်ကုန်းရွာဘက် ညအချိန် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ရှောင်ပုန်းနေရ

ကမိုင်ကုန်းရွာဘက် ညအချိန် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ရှောင်ပုန်းနေရ

1205
Photo_ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည် ( ပုံဟောင်း)

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းကျေးရွာဘက်သို့ ဖေဖော်ဝါရီလ ၂၀ ရက်ညက စစ်ကောင်တပ်၏ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့သည်အတွက် ဒေသခံများ ညအချိန်မတော် ထွက်ပြေးပုန်းရှောင်နေခဲ့ရပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၀ ရက်ညက ၎င်းစစ်ကောင်စီတပ်မှ ကမိုင်ကုန်းရွာ ဘက်သို့ အကြောင်းမဲ့ လက်နက်ကြီးအချက်၂၀ ထက်မနည်းပစ်ခတ်ခဲ့သည်အတွက် ဒေသခံများ ညအချိန်မတော် ထွက်ပြေးပုန်းရှောင်နေခဲ့ရပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

“ညက ၈ နာရီလောက်မှာ ကော့ကရိတ်မြို့ဘက်က ပစ်ထုတ်တာ အလုံးကြီး သက်သက်ပါပဲ ၊ ရွာဘက်မှာတော့ တိုက်ပွဲ မဖြစ်ပါဘူး၊ စစ်ကောင်စီတပ်ကလည်း ရွာနားမှာပဲရှိနေတုန်းပဲဆိုတော့ ရွာပြင်ထွက်ပြီး မပြေးရဲဘူး။ ရွာထဲ ရှောင်ပုန်းအိပ်ရတယ်၊ အခုမနက်တော့ ရွာသားအိမ်တချို့တော့ ဟိုထိဒီထိပျက်စီးတာတွေတော့ရှိတယ်။”ဟု ကမိုင်ကုန်း ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လတ်တလော အခြေအနေရ ညဘက်တွင် ရှောင်အိပ်နေရပြီး နေ့ဘက်တွင် အခြေအနေကြည့်ကာ ကျွဲကျောင်းနွားကျောင်းအလုပ်နှင့် တောင်ယာအလုပ်များကို လုပ်နေရသည်ဟုလည်း ၎င်းကမိုင်ကုန်းရွာသားက ပြောသည်။

အဆိုပါ ကော့ကရိတ် တောင်ပိုင်းဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြေအနေမှာ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ကျေးရွာနေပြည်သူများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုမှာ ၅ ဦးထက်မနည်းရှိလာနေပြီး နေရပ်စွန့်ခွာ စစ်ပြေးရှောင်နေရဆဲ ဒေသခံနှစ်ထောင်ကျော်မှာ နေရပ်မပြန်နိုင်ရဲကြသေးဘဲ ဆက်လက် စစ်ရှောင်ခိုလှုံနေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူများက ပြောသည်။