Home သတင်း သောင်ရင်းမြစ်နံဘေးရှိ စစ်ရှောင်ပြည်သူများ အမိုးအကာအထောက်အပံ့များလိုအပ်နေဆဲ

သောင်ရင်းမြစ်နံဘေးရှိ စစ်ရှောင်ပြည်သူများ အမိုးအကာအထောက်အပံ့များလိုအပ်နေဆဲ

1110

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယခင်နှစ် ဒီဇင်ဘာလအတွင်းကဖြစ်ပေါ်ခဲ့သည့် လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် သောင်ရင်းမြစ်နံဘေးတွင် ထွက်ပြေးတိမ်းရှောင်နေကြရဆဲ စစ်ဘေးရှောင်ပြည်သူများအတွက် အမိုးအကာနှင့် နေရာထိုင်ခင်း ပြန်လည်ပြု ပြင်ရမည့် အထောက်အကူပစ္စည်များလိုအပ်နေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ အမိုး အကာ မလုံခြုံမှုများအပြင် ဟောင်းနွမ်းပျက်စီးမှုများလည်းရှိနေသည့်အပေါ် လတ်တလောတွင် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေါနအရှေ့ခြမ်းအရေးပေါ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီမှ စောအယ်ဟူးက ယခုလိုပြောသည်။

“အခု လတ်တလော မိုးတွေ၊ လေတွေ ရှိနေတဲ့အပေါ် စစ်ဘေးရှောင်တွေ ခိုလှုံနေထိုင်ဖို့အတွက်က အရင် တာလပတ်အမိုးတွေက ရက်ကြာလာတာနဲ့အမျှ ဆွေးလာတာတွေရှိလာတဲ့အတွက် အမိုးအကာအတွက် ဖြစ်စေ နေရာထိုင်ခင်းတွေ ပြန်ပြုပြင်ဖို့အတွက်ဖြစ်စေ အကူအညီကတော့ လိုအပ်နေဆဲဖြစ်တယ်။ ကျန်းမာရေးအတွက် ပဲဖြစ်ဖြစ် စားနပ်ရိက္ခာအတွက်ပဲဖြစ်ဖြစ် လိုအပ်ချက်တွေက အဖက်ဖက်ရှိနေဆဲပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ သောင်ရင်းမြစ်နံဘေးတွင် စစ်ဘေးရှောင်နေဆဲ အရပ်သားပြည်သူများမှာ လူဦးရေ (၅,၀၀၀) ကျော်ခန့်ရှိနေပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများလည်း အများအပြားရှိနေသည့် အပေါ် ၎င်းတို့အနေဖြင့် ရာသီဥတုနှင့် စစ်ဘေးဒဏ်ကို ပိုမိုခံစားနေရကြောင်းလည်း စောအယ်ဟူးက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီနှင့် နယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များခြေကုပ်ရယူထားသည့် လက်နက်ကြီးကုန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်သိမ်းယူထားပြီး စစ်ကောင်စီဘက်မှလည်း စစ်လေယာဉ် အသုံးပြု၍ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတဖန်ပြုလုပ်လာခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ သက်ကြီးရွယ်အိုတစ်ဦး ထိမှန်သွားသလို ဘာသာရေး အဆောက် အအုံနှင့်နေအိမ်တချို့ထိမှန်ပျက်စီးသွားပြီး ဒေသခံပြည်သူများ ထပ်မံပြေးလွှားတိမ်းရှောင်နေကြရကြောင်း လည်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂ ရက်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့၍ စစ်ဘေးရှောင်ပြည်သူအချို့ အမိုးအကာမလုံ ခြုံမှုများကြောင့် နေရာထိုင်ခင်းအချို့ ပျက်စီးသွားပြီး ယာယီ တဲအိမ်များတွင်လည်း ရေဝပ်မှုများဖြစ်ပေါ်ခဲ့ သည်ဟု သိရသည်။