ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာလျက်ရှိသော မြဝတီမြို့၏ တောင်ဘက် လေးကေကော်ဒေသသို့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ – ICRC အဖွဲ့ ရောက်ရှိချိန် ယနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လည်ပိုင်းက စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်နေချိန်နှင့်ကြုံ၍ အလျင်စလို ပြန်လည်ထွက်ခွာခဲ့ရကြောင်း သိရသည်။
(ICRC) အဖွဲ့သည် ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း လေးကေကော်ဒေသရှိ စစ်ရှောင်ပြည်သူများအား လိုအပ်သည့်အကူအညီများပေးရန် သွားရောက်ကာ ယင်းနေ့ မွန်းတည့် ၁၂း၃ဝ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ပြီး ယနေ့ နေ့လည်ပိုင်းက ထပ်မံသွားရောက်စဉ်မှာတော့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်နေချိန်နှင့်ကြုံရ၍အလျင်စလိုပြန်လည်ထွက်ခွာခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
လေးကေကော်မြို့အနီး ဖလူးလေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA မှ ဗိုလ်မှူးစောစလုံး၏ တပ်စခန်းနှင့် အနီးဝန်းကျင်နေရာများကို ယနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ် လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို မြေပြင်တွင်လက်နက်ကြီးပစ်ကူများ ဖြင့် ထိုးစစ်ဆင်ခဲ့ကြသည်။
ထိုသို့ စစ်ကောင်တပ်မှာ သာလွန်အင်အားဖြင့် မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်မှာ ဗိုလ်မှူးစောစလုံးနှင့် တပ်ဖွဲ့ဝင်များမှာ စခန်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း မြေပြင်သတင်းအရင်းအမြစ်များ၏ အဆိုအရ သိရသည်။
ယခင်နှစ် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ (၆) မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်တိုက်ပွဲများမှာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ရက်ပေါင်း ၃ဝ ကြာသည့်တိုင် ဆက်ရှိနေဆဲဖြစ်သည်။
အဆိုပါ တိုက်ပွဲဂယက်ကြောင့် လေးကေကော်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ ဒေသခံပြည်သူ ၁၅၀၀ဝ ဝန်းကျင်မှာ တဖက်ထိုင်းနိုင်ငံနှင့် နီးစပ်ရာ တောတွင်းနေရာများတွင် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။