Home သတင်း စစ်‌ကောင်စီအ‌ပေါ် သဘာဝဓါတ်‌ငွေ့အခွန် ပိတ်ဆို့အ‌ရေးယူရန် US သမ္မတနှင့် ပြင်သစ်သမ္မတထံ နိုင်ငံတကာ ကရင်အရပ်ဖက် ၆၇ ဖွဲ့ အိတ်ဖွင့်‌ပေးစာ‌ပေးပို့ ‌တောင်းဆို

စစ်‌ကောင်စီအ‌ပေါ် သဘာဝဓါတ်‌ငွေ့အခွန် ပိတ်ဆို့အ‌ရေးယူရန် US သမ္မတနှင့် ပြင်သစ်သမ္မတထံ နိုင်ငံတကာ ကရင်အရပ်ဖက် ၆၇ ဖွဲ့ အိတ်ဖွင့်‌ပေးစာ‌ပေးပို့ ‌တောင်းဆို

1103
Photo: Internet

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များအ‌ပေါ် အကျိုးပြု‌နေသည့် သဘာဝဓါတ်‌ငွေ့အခွန်များအ‌ပေါ် အ‌ရေးယူ ပိတ်ဆို့မှု ပြု‌ပေးရန် အ‌မေရိကန် သမ္မတ Joseph R. Biden နှင့် ပြင်သစ်သမ္မတ Emmanuel Macron တို့အား ကရင်အရပ်ဖက်အဖွဲ့ (၆၇) ဖွဲ့က ယမန်‌နေ့ ရက်စွဲဖြင့် အိတ်ဖွင့်‌ပေးစာ‌ပေးပို့ကာ ‌တောင်းဆိုခဲ့သည်။

US နှင့် ပြင်သစ်တိုင်းပြည်ရှိ ကုမ္ပဏီများမှတဆင့် ‌ပေးအပ်‌နေသည့် အဆိုပါ သဘာဝဓါတ်‌ငွေ့ အခွန်များမှ တဆင့် အာဏာသိမ်းစစ်‌ကောင်စီအ‌နေဖြင့် လက်နက်ခဲယမ်းများဝယ်ယူ၍ ပြည်သူများအ‌ပေါ် အကြမ်းဖက်လုပ်ရပ် များနှင့်လူသားအ‌ပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ကျူးလွန်လုပ် ‌ဆောင်‌နေ‌ကြောင်း နိုင်ငံ‌ပေါင်း ၁၇နိုင်ငံမှ ကရင်အရပ်ဖက်အဖွဲ့ ၆၇ဖွဲ့ ပါဝင်သည့် ‌ပေးစာတွင် ‌ဖော်ပြထားသည်။

စစ်တပ်၏ အာဏာသိမ်းမှု ကြိုးပမ်းခဲ့သည့် တစ်နှစ်နီးပါးကြာသည်အထိ အ‌မေရိကန်နှင့် ပြင်သစ်ကုမ္ပဏီများက မြန်မာစစ်တပ်ထံသို့ သဘာဝဓာတ်‌ငွေ့ အခွန်များ‌ပေး‌ဆောင်‌နေခြင်းအ‌ပေါ် အလွန်စိတ်ပျက်မိပြီး အဆိုပါ ‌ဒေါ်လာသန်းရာချီသည့် အခွန်‌ငွေများဖြင့် စစ်တပ်ဘက်မှ လက်နက်နှင့်ကျည်ဆန်များ ဝယ်ယူခြင်းတွင် အသုံးပြု ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အ‌ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အသုံးပြု‌နေ‌ကြောင်း ၎င်းတို့၏စာတွင် ‌ဖော်ပြထားသည်။

အိတ်ဖွင့်‌ပေးစာတွင် ပါဝင်လက်မှတ်‌ရေးထိုးသည့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG မှ ဒါရိုက်တာ ‌နော်ထူးထူးက “ ဒီဓါတ်‌ငွေ့‌တွေက‌နေရလာတဲ့ ဝင်‌ငွေ‌တွေက‌နေတစ်ဆင့် စစ်‌ကောင်စီရဲ့လက်နက်ဝယ်ယူမှုကို အကျိုးဖြစ်‌စေမှာ ပဲ။ ဒီလို လက်နက်ဝယ်ယူမှု‌တွေက‌နေ တစ်ဆင့်ပဲ ပြည်သူလူထု‌တွေကို ပြန်သတ်ဖြတ်‌နေတဲ့ ဖြစ်စဉ်‌တွေ အခုလူမှု ကွန်ရက်သတင်း‌တွေမှာ‌တွေ့‌နေရသလို ‌လေယာဉ်‌တွေနဲ့ လက်‌တွေ့လာပစ်‌နေတာ။ လက်နက်ကြီးနဲ့ ‌နေ့တိုင်း လိုလို ပစ်‌နေတာ။ ဒါ‌ကြောင့် စစ်‌ကောင်စီရဲ့ ဝင်‌ငွေအားလုံးကို ဖြတ်‌တောက်ပစ်ဖို့ လိုတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်း စစ်တပ်၏ တိုက်ခိုက်မှုနှင့် ခြိမ်း‌ခြောက်မှုများ‌ကြောင့် မြန်မာ လူထု ၃ သိန်း‌ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်‌ပြေး‌နေကြရ‌ကြောင်းနှင့် အများစုမှ တိုင်းရင်းသား‌ဒေသမှ ပြည်သူ လူထုများဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင် လူဦး‌ရေ (၈၅,၀၀၀) ‌ကျော် ပါဝင်‌ကြောင်းလည်း ဆက်လက် ‌ဖော်ပြထားသည်။

လတ်တ‌လောတွင် မြန်မာနိုင်ငံ၏ ‌ဒေသအ‌တော်များများတွင် စစ်‌ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PDF) အဖွဲ့များနှင့် ‌နေ့စဉ်ထိ‌တွေ့တိုက်ပွဲများပြင်းထန်‌နေပြီး နယ်စပ်‌ဒေသများသာမက မြို့‌ပေါ်‌ဒေသများပါအထိ တိုက်ပွဲများ ကူးစက်ပြန့်နှံ့‌နေကာ ‌သောင်းနှင့်ချီသည့် ပြည်သူ လူထုများလည်း ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသလို စစ်‌ကောင်စီဘက်မှလည်း ‌မြေပြင်သာမက ‌ဝေဟင်တိုက် ခိုက်မှုပါ အပြင်းအထန် တိုက်ခိုက်‌နေ‌ကြောင်း‌တွေ့ရသည်။

အလားတူ အ‌မေရိကန်နှင့် ဥ‌ရောပသမဂ္ဂ (EU) က ချမှတ်ထားသည့် ပိတ်ဆို့အ‌ရေးယူမှုများကို ကြိုဆို‌ကြောင်းနှင့် စစ်ဘက်ဝင်‌ငွေကို စနစ်တကျ ဖြတ်‌တောက်ရန် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ပုံမှန်ဆက်လက် ပြုလုပ်ရန်အ‌ရေး ကြီး‌ကြောင်း ကရင်အဖွဲ့များက ‌ပြောဆိုထား‌သော်လည်း စစ်တပ်အတွက် အကြီးမားဆုံးဝင်‌ငွေရရှိ‌စေသည့် တစ်ခု တည်း‌သော အရင်းအမြစ်ဖြစ်များထဲမှ ဓာတ်‌ငွေ့အခွန်ကို အ‌ရေးယူ‌ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ထိ‌ရောက် မှု သို့မဟုတ် ယုံကြည်ရ‌လောက်သည့် မူဝါဒ‌ရွေးချယ်မှုတစ်ခုမဟုတ်‌ကြောင်း ပြန်လည်‌ထောက်ပြထားသည်။

ဆက်လက်ပြီး အ‌မေရိကန်နှင့် ပြင်သစ်ကုမ္ပဏီများအ‌နေဖြင့် စစ်တပ်ကို အခွန်‌ငွေ‌ကြေး‌ပေး‌ဆောင်‌နေသမျှ ကာလပတ်လုံး အဆိုပါ တိုင်းပြည်များအ‌နေဖြင့် စစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုတွင် ပါဝင်ပတ်သက်‌နေခြင်းဖြစ်‌ကြောင်းနှင့် အခွန်‌ငွေများကို ပံ့ပိုး‌ပေးခြင်းဖြင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် လွယ်ကူ‌စေရန် အကူအညီ‌ပေး‌နေခြင်းဖြစ်‌ကြောင်းလည်း ၎င်းတို့စာတွင် ‌ဖော်ပြထားသည်။

အဆိုပါ တိုင်းပြည်များအ‌နေဖြင့် လက်နက်ပိတ်ဆို့မှုများကို ချမှတ်ထား‌သော်လည်း တစ်ချိန်တည်းတွင် မြန်မာ စစ်တပ်အ‌နေဖြင့် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများက လက်နက်များဝယ်ယူနိုင်သည့် ‌ငွေ‌ကြေးများ ‌ပေးအပ်‌နေခြင်းမှာ အဓိပ္ပာယ်မရှိ‌ကြောင်းလည်း ဆက်လက်‌ထောက်ပြထားသည်။

၎င်းတိုင်းပြည်များအ‌နေဖြင့် စိန်‌ခေါ်မှုများရှိ‌သော်လည်း စစ်တပ်ဘက်သို့ ဓာတ်‌ငွေ့အခွန်များ‌ရောက်ရှိ‌နေခြင်းကို ပိတ်ဆို့ အ‌ရေးယူ ရပ်တန့်နိုင်မည့် နည်းလမ်းကို ရှာရမှာဖြစ်ပြီး အ‌ရေးယူရန်ပျက်ကွက်မှုများနှင့် မပြတ်သားမှုများ တန်ဖိုးများအ‌နေဖြင့် မြန်မာပြည်သူများ၏ဘဝနှင့် ဆင်းရဲဒုက္ခများ ဖြစ်‌ပေါ်‌စေ‌ကြောင်းလည်း ကရင်အရပ် ဖက်အဖွဲ့များ၏ စာတွင် ဆက်လက်‌ပြောဆိုထားသည်။

ဆယ်စုနှစ်‌ပေါင်းများစွာ စစ်တပ်၏ စစ်ရာဇဝတ်မှု နှင့်လူသားအ‌ပေါ် ဆန့်ကျင်သည့် နိုင်ငံတကာ ဥပ‌ဒေ ချိုး‌ဖောက် မှုများကို ‌ဖြေရှင်းရန် ပျက်ကွက်ခဲ့မှုများသည် စစ်တပ်အတွက် အပြစ်ကင်းလွတ်ခွင့်ရ‌နေသည့် အသိတရားကို ဖန်တီးဖြစ်‌ပေါ်‌စေပြီး ၎င်းသည်လည်းပဲ စစ်တပ်အ‌နေဖြင့် အဆိုပါ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ဆက်လက် ကျူးလွန်ရန် ယုံကြည်မှုဆက်ရရှိ‌စေကာ ပိုမိုတိုက်ခိုက်မှုများနှင့် အာဏာသိမ်းမှုကိုပါ အား‌ပေးရာ ‌ရောက်‌ကြောင်း လည်း ဆက်လက်‌ထောက်ပြထားသည်။

၎င်းတို့၏ ‌တောင်းဆိုမှုများသည် အ‌သေးအမွှားသာဖြစ်ပြီး ထို‌တောင်းဆိုမှုများသည်လည်း ၎င်းတို့ တိုင်းပြည်၏ စီးပွား‌ရေးအ‌ပေါ် အကျိုးသက်‌ရောက်မှု ကြီးကြီးမားမား ကျ‌ရောက်မည်မဟုတ်ဘဲ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု နှင့် သဘာဝဓါတ်‌ငွေ့ အခွန်ဘဏ္ဍာ‌ငွေများအ‌ပေါ် ပိတ်ဆို့ အ‌ရေးယူမှုကို ချက်ချင်း ပြုလုပ်‌ပေးရန်လည်း အိတ်ဖွင့် ‌ပေးစာ၏ အဆုံးတွင် ‌ဖော်ပြပါရှိသည်။