ရက်ပေါင်း ၁၀ဝ တွန်းလှန်မှုထဲက ပြည်သူများသို့
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်)
ပြီးခဲ့တဲ့ “မေလ ၁၁ရက်နေ့” (၁၁-၅-၂၀၂၁)ဟာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းခဲ့တာ ရက်ပေါင်း ၁၀ဝပြည့်မြောက်တဲ့နေ့ရက်လို့ လေ့လာမှတ်တမ်းတင်သူတွေက ရေးသားဖော်ပြကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီကတော့ အာဏာ“သိမ်း”တယ်လို့ အပြောမခံပါဘူး။ အာဏာ“ထိန်း”တယ်လို့ပဲ ပြော ဆိုရေးသားဖော်ပြပါတယ်။ သူတို့ ဒီလိုပြောရတာက အကြောင်းရှိပါတယ်။ ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်မှာ ဗိုလ်နေဝင်း စစ်အုပ်စုက အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုလက်ထဲက အာဏာဟာ အခြားဘယ်သူ့ဆီကိုမှ လွှဲပြောင်းရောက်ရှိ မသွားခဲ့သေးဘူး ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်ကနေ ဒီနေ့ ၂၀၂၁ခုနှစ်အထိ ၅၉နှစ်တာ လက် တွေ့ဖြတ်သန်းမှုထဲမှာ ပြန်ဆန်းစစ်ကြည့်တော့လည်း ဗိုလ်နေဝင်းစစ်အုပ်စုကနေ ဗိုလ်စောမောင် – ဗိုလ်ခင်ညွန့် အဲဒီက မှတဆင့် ဗိုလ်သန်းရွှေ စစ်အုပ်စု၊ ဗိုလ်သန်းရွှေထံကနေ လက်ရှိ ဗိုလ်မင်းအောင်လှိုင် – ဗိုလ်စိုးဝင်း စစ်အုပ်စုလက်ထဲကို အခြေအနေ အချိုးအကွေ့ မျိုးစုံမှာ ပုံစံမျိုးစုံနဲ့ အာဏာအလွှဲအပြောင်းတွေ ဖြစ်ခဲ့တာပဲရှိတာကို တွေ့ရမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် နာမည်တွေသာ ဟိုလိုဒီလိုပြောင်းချင်ပြောင်းသွားမယ် “အာဏာ”ကတော့ စစ်အုပ်စုထဲမှာပဲ ရှိမြဲရှိနေတဲ့အချက်ကို ၅၉နှစ်တာ ဖြတ်သန်းမှုထဲမှာ အတိအလင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ “အပြောင်းအလဲ”ဆိုတာ စစ်အာဏာရှင်ဗိုလ်နေဝင်းကနေ စစ်အာဏာရှင် ဗိုလ်စောမောင် – စစ်အာဏာရှင် ဗိုလ်သန်းရွှေ – စစ်အာဏာရှင် ဗိုလ်မင်းအောင်လှိုင် စသဖြင့် စစ်အာဏာရှင် စစ်ဗိုလ်အပြောင်းအလဲသာ ဖြစ်တယ်။
ထူးခြားချက် ၃ချက် တွေ့ရပါလိမ့်မယ်။ ပထမအချက်က တိုင်းပြည်နဲ့လူထုက မွဲသထက် မွဲပြာကျလာခဲ့ပြီး အာဏာ စင်မြင့်ပေါ်တက်လာတဲ့ စစ်အုပ်စုထိပ်သီးတစ်စုကတော့ မန်းမှုတ်လိုက်သလို ကြွယ်ဝချမ်းသာလာကြတဲ့ အချက်ကတော့ ထင်ထင်ရှားရှား အရှိဆုံးပါပဲ။
ဒုတိယအချက်က ဘယ်လိုပုံစံ၊ ဘယ်လိုနာမည်နဲ့ စစ်အာဏာရှင်စနစ် အုပ်စိုးမှုကိုမဆို လူမျိုးပေါင်းစုံပြည်သူ တွေက ခါးသီးရွံရှာ မုန်းတီးပြီး စဉ်ဆက်မပြတ် တော်လှန်ပုန်ကန်ကြတယ်။
တတိယအချက်က ပြည်သူတွေရဲ့ အုံကြွဆန့်ကျင်တော်လှန်မှုတွေကြောင့် စစ်အာဏာရှင်တွေရဲ့ အုပ်စိုးမှုဟာ အကြီးအကျယ် လှုပ်ရမ်းသွားခဲ့ပေမယ့် အာဏာဟာ စစ်အုပ်စုလက်ထဲကနေ ခုခံတော်လှန်ဆန့်ကျင်သူ ပြည်သူတွေရဲ့ လက်ထဲကို လုံးလုံးလျားလျား ရောက်ရှိမလာနိုင်သေးဘဲ စစ်အုပ်စုလက်ထဲမှာပဲ ရှိမြဲရှိနေသေးတယ် ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
ကျနော်တို့ပြည်သူများအဖို့ ပြတ်ပြတ်သားသား ဖန်တီးရမယ့် အပြောင်းအလဲဟာ စစ်အုပ်စုအဆက်ဆက်ရဲ့ လက်ထဲမှာ ရှိမြဲရှိနေတဲ့ “အာဏာ”ကို လူမျိုးပေါင်းစုံပြည်သူများရဲ့လက်ထဲကို ပိုင်ပိုင်နိုင်နိုင် ရရှိလာစေဖို့ဆိုတဲ့ အလှည့် အပြောင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှသာ တကယ့်အပြောင်းအလဲသစ် သို့မဟုတ် “သမိုင်းသစ်”ကို တကယ် တမ်း ဖန်တီးဖွင့်လှစ်နိုင်မှာပါ။
အဲဒီအတွက် အခြေခံလိုအပ်ချက်ဟာ သွေးစည်းညီညွတ်တဲ့ “တော်လှန်ရေးတပ်ဦး” နဲ့ အဲဒီတော်လှန်ရေးတပ် ဦးရဲ့ နိုင်ငံရေးဦးဆောင်မှုကို တိုက်ရိုက်နဲ့ အကြွင်းမဲ့ နာခံနိုင်မယ့် “တပ်ဖွဲ့”ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖွဲ့စည်းနိုင်မယ့် ရေခံ မြေခံတွေ ပြည်တွင်းနေရာဒေသအနှံ့မှာ ပေါ်ပေါက်နေပါတယ်။ ပြည်သူတွေရဲ့ လက်ရှိအနေအထားဟာ စစ်အုပ်စု – စစ်အာဏာရှင်စနစ်ကို ဘယ်အချိန်ကာလကထက်မဆို ခါးခါးသီးသီး၊ နာနာကျည်းကျည်း တွန်းလှန်နေကြတဲ့အချက် ဖြစ်ပါတယ်။ ဒါဟာ အဓိကအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
နိုင်ငံနဲ့အနှံ့ နယ်ပယ်ဒေသပေါင်းစုံမှာ ရှိတဲ့ ပြည်သူတွေရဲ့ အဲဒီခါးသီးနာကျည်းမှုနဲ့ မုန်းတီးပေါင်းစုံဟာ တူမီး သေနတ်တွေ စွဲကိုင် ပစ်ခတ်မှု၊ လက်လုပ်မိုင်း – လက်လုပ်ဗုံး – ဓားလှံ – ဒူးလေး – လေးမျှား – လောက်လေးခွ – ဂျင်ဂလိ တွေနဲ့ ရဲရင့်ပြောင်မြောက်စွာ ဖော်ပြနေကြပါပြီ။ စစ်အာဏာရှင်တွေရဲ့ သတင်းပေးတွေ၊ ဒလျှို၊ ဒလန်တွေ၊ ဒေါက်တိုင် တွေကို အပြတ်ရှင်းနေတဲ့လှုပ်ရှားမှုကလည်း ဒေသတစ်ခုချင်း လက္ခဏာကနေ တစ်ပြည်လုံး အနှံ့အပြား လက္ခဏာ ပို၍ ပို၍ ဆောင်လာနေပါတယ်။ ဒါတွေဟာ ရက်ပေါင်း ၁၀ဝအတွင်းမှာ အလျှံညီးညီးနဲ့ တောက်လောင်လာနေတဲ့ တော်လှန်ရေးမီးပွင့်မီးပွားတွေပဲ မဟုတ်ပါလား။ ဒီလိုမီးပွားတွေ မီးပွင့်တွေကို တစ်စက်တစ်မျက်နှာလုံး အချက်အလက် ရှိရှိ – ချိန်ကိုက်မှုရှိရှိ ဆက်စပ်ပေးနိုင်လိုက်မယ်ဆိုရင် ဒီနေ့ ဆိုးသွမ်းအကြမ်းဖက်နေတဲ့ ဗိုလ်မင်းအောင်လှိုင် – ဗိုလ် စိုးဝင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်တပ်တွေကို ဝါးမြိုပစ်မယ့် မီးပင်လယ်ကြီးဖြစ်လာမှာ မလွဲဧကန်ပါပဲ။
သော့ချက်က လက်ဝဲလက်ယာ နိုင်ငံရေးအင်အားစုအသီးသီး အမြော်အမြင် အကျယ်အပြန့် ရှိကြဖို့ပါပဲ။ ဒီအ မြော်အမြင် ဆိုတာက ၁၉၆၂ကနေ ဒီနေ့အထိ ပေးခဲ့ကြရတဲ့ သူရဲကောင်းပြည်သူတွေ – ကျဆုံးလေပြီးသော တော်လှန် ရေးသမားတွေနဲ့ သူတို့ရဲ့ ကျန်ရစ်သူမိသားစုတွေအပေါ်မှာ ဘယ်လိုအထိ သစ္စာရှိသလဲ ဘယ်လောက် အလေးအနက် ထားကြသလဲ ဆိုတဲ့အချက်ပါပဲ။ တစ်ဦးချင်းပုဂ္ဂလိက ထင်ပေါ်ကျော်ကြားမှု – ကိုယ့်တစ်ပါတီ – ကိုယ့်အစုအဖွဲ့ အကျိုး စီးပွားကွက်ကွက်ကလေးကိုသာ မဲပြီး ရှေ့တန်းတင်နေကြမယ်ဆိုရင်တော့ အားလုံးဟာ အဟောသိကံဖြစ်သွားမှာပါပဲ။
ဒါကြောင့် လက်ဝဲလက်ယာ နိုင်ငံရေးအင်အားစုအားလုံးဟာ တစ်တိုင်းတစ်ပြည်လုံးနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ငဲ့ညှာထောက်ထားကြပြီး ကျယ်ပြန့်သောအမြော်အမြင်နဲ့ ပြတ်ပြတ်သားသားဆောင်ရွက်ကြပါလို့ လေးလေးနက်နက်၊ ကျိုးကျိုးနွံနွံ ပန်ကြားလိုက်ပါတယ်။
အံခဲပြီး အလံမလှဲတဲ့ ရဲရင့်ပြတ်သားသော ဇွဲနဲ့ “ရက်ပေါင်း ၁၀ဝအတွင်း” တိုက်ပွဲသဏ္ဍာန်ပေါင်းစုံနဲ့ တွန်းလှန် တိုက်ခိုက်နေကြတဲ့ သူရဲကောင်းပြည်သူများ ထာဝစဉ်ဥဒါန်းတွင်ပါစေ။ စစ်မှန်သောဒီမိုကရေစီရရှိရေး တိုက်ပွဲအဆက် ဆက်မှာ ကျဆုံးခဲ့ကြသော သူရဲကောင်းအာဇာနည်များအား အလေးပြုလျက်။