Home ဆောင်းပါး မင်းအောင်လှိုင် စေလိုရာစေနိုင်တဲ့ လွှတ်တော်ထဲက “အာဆီယံတူညီဆန္ဒ ၅ချက်” ဆန့်ကျင်ရေး

မင်းအောင်လှိုင် စေလိုရာစေနိုင်တဲ့ လွှတ်တော်ထဲက “အာဆီယံတူညီဆန္ဒ ၅ချက်” ဆန့်ကျင်ရေး

14

မင်းအောင်လှိုင် စေလိုရာစေနိုင်တဲ့ လွှတ်တော်ထဲက “အာဆီယံတူညီဆန္ဒ ၅ချက်” ဆန့်ကျင်ရေး

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

အာဆီယံက မိသားစုသဖွယ်စိတ်ဓာတ်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာမှုကို မင်းအောင်လှိုင်က အကြောက်အ ကန် ဆန့်ကျင်ဖို့ ခြေကြီးကြီး လှမ်းလိုက်ပြီ။

(၁၀-၄-၂၀၂၆)ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ (သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်တဲ့) ကတိသစ္စာပြု အခမ်းအနားမှာ မင်းအောင်လှိုင်က “ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ ပုံမှန်ဆက် ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားပါ့မယ်”လို့ လေပြေထိုးခဲ့တယ်။

ထို့အပြင် (၂၁ -၄-၂၀၂၆)ရက်နေ့ ကာလုံအစည်းအဝေးမှာလည်း မင်းအောင်လှိုင်က “အာဆီယံနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိမိသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်က မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် ပါအချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အခြားအချက်များကို မိမိတို့အ နေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း — အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင် ရွက်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” စသဖြင့် ပြောကြားတာကို တွေ့ ရပါတယ်။

ဒီလိုပြောခဲ့ပေမယ့် (ဒီမှာလည်း သဘောရိုးနဲ့ မဟုတ်ဘဲ) ငြင်းမရလို့၊ မတတ်သာလို့ လက်ခံရတဲ့ အချိုးမျိုး ချိုးထားတဲ့ ညောင်နာနာစကားသံနဲ့ ခြေလှမ်းကို သတိပြုမိကြမှာဖြစ်ပါတယ်။

အခုတော့ အဲဒီလို ညောင်နာနာစကားသံနဲ့ ခြေလှမ်းကို မင်းအောင်လှိုင်က သူ့ရဲ့စေလိုရာစေနိုင်တဲ့ ပြည်ထောင် စုလွှတ်တော်ကြီးထဲမှာ ဗြောင်ဆန့်ကျင်ကြဖို့ ညွှန်ကြားလိုက်ပြီ၊ အမိန့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့စေလို ရာစေ ပြည်ထောင်စုလွှတ်တော်ကြီးက (၇-၇-၂၀၂၆)နဲ့ (၉-၇-၂၀၂၆)ရက်နေ့တွေမှာ လက်သီးလက်မောင်းတန်းပြီး “အာဆီယံတူညီဆန္ဒ(၅)ချက်” (ASEAN Five-Point Consensus) ကို ပယ်ဖျက် ရုပ်သိမ်း ပြင်ဆင်ပေးဖို့ အကြောက် အကန် ဆွေးနွေးကြပါတယ်။

တကယ်ဆိုရင် ဒီလိုကိစ္စမျိုးဟာ ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ ဗန္ဓုလပန်းခြံထဲမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်မြို့တော်တွေမှာရှိတဲ့ စွမ်းအားရှင်တွေဟာ၊ သင်္ကန်းဝတ်တွေဟာ၊ လက်ပတ်နီတွေပတ်ဟာ (အင်္ဂလိပ် + မြန် မာ)နှစ်ဘာသာ ဆိုင်းဘုတ်တွေ၊ ဗီနိုင်းတွေကိုင်ပြီး ဆန္ဒပြတဲ့ပွဲမျိုးတွေ အစီအရီထွက်လာရမှာပါ။ အဲဒါတွေကို နေ့စဉ် သတင်းစာတွေထဲမှာ ရုပ်သံလိုင်းတွေမှာဖော်ပြပြီး နိုင်ငံရေးပါတီတွေ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာ စတဲ့ အသင်းအဖွဲ့ပေါင်းစုံကနေ သူတို့ရေးပေးတဲ့ “ကြေညာချက်တွေ”ကို ထုတ်ပြန်ခိုင်းတာပါ။ အခုတော့ အရင် အဲဒီ လိုအလုပ်တွေကိုလုပ်ခဲ့ကြတဲ့ အခစား စွမ်းအားရှင်တွေထဲက အတော်များများဟာ စေလိုရာစေနိုင်တဲ့ လွှတ်တော်ကြီး ထဲ ကိုယ်စားလှယ်တော်များအဖြစ် ရောက်ကုန်ကြပြီမို့ လွှတ်တော်ထဲကနေ ရုတ်ရုတ်သဲသဲ ဆန္ဒပြနေကြတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်သုံးစွဲခဲ့တဲ့ အသုံးအနှုန်းဖြစ်တဲ့ “အာဆီယံတူညီဆန္ဒ (၅)ချက်” (ASEAN Five-Point Consensus) ဆိုတဲ့ အသုံးအနှုန်းအစား “အာဆီယံထုတ်ပြန်ချက် (၅)ရပ်” (ASEAN Five – Point – Statement)လို့ ပြောင်းလဲသုံးနှုန်းပြောဆိုလာပါတယ်။ မင်းအောင်လှိုင်ရဲ့စေလိုရာစေနိုင်တဲ့ ပြည်ထောင်စုလွှတ်တော် ကြီးထဲက ဆူဆူပူပူ ဆွေးနွေးချက်တွေရဲ့ အနှစ်ချုပ်ကတော့ “အာဆီယံတူညီဆန္ဒ (၅)ချက်”ထဲက အချက်အမှတ်-၄ (အာဆီယံက လူသားချင်းစာနာထောက်ထားမှု အကူအညီများထောက်ပံ့ပေးရန်) တစ်ခုထဲကိုပဲ လက်ခံပြီး ကျန်တဲ့ အချက်(၄)ချက်ကို ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ အာဆီယံရဲ့ မူနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့ ကျားကျား မီးယပ်လုပ်မှုပဲ ဖြစ်ပါတယ်။

“အာဆီယံတူညီဆန္ဒ (၅)ချက်” (ASEAN Five-Point Consensus) ဆိုတာက အခုလို ဖြစ်ပါတယ်။
၁။ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန်။ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးက အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်ရန်။
၂။ ပြည်သူများအကျိုးအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများကြား အပြုသဘောဆောင် ဆွေးနွေးမှုများ ပြုလုပ်ရန်။
၃။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မှ အထက်ပါဆွေးနွေးမှုများ ပြုလုပ်နိုင်အောင် ကူညီပံ့ပိုးရန်။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အထက်ပါပုဂ္ဂိုလ်အား အထောက်အကူပေးရန်။
၄။ အာဆီယံက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရန်။
၅။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သော အဖွဲ့အစည်း များ၊ ပုဂ္ဂိုလ်များ(all parties concerned)နှင့် တွေ့ဆုံရန် – တို့ ဖြစ်ပါတယ်။

“အာဆီယံတူညီဆန္ဒ (၅)ချက်”ကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် အာဆီယံအဖွဲ့ကြီးက ဒေသတွင်းက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခကို အာဆီယံမူဘောင် လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို သက်ဆိုင်ရာဘက်အသီးသီးက ထိန်းသိမ်းရပ်စဲနိုင်ကြစေဖို့နဲ့ “အာဆီယံ မိသားစုစိတ်ထားနဲ့” စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာနိုင်ဖို့ တာဝန်သိတဲ့ ဆောင်ရွက်ချက်လို့ပဲ မြင်ပါတယ်။

ပြည်တွင်းပြည်ပ စီးပွားကုန်သွယ်ရေး – နိုင်ငံရေး – စီးပွားရေး – စစ်ရေး – နိုင်ငံတကာ/ဒေသတွင်း ဆက်ဆံရေး စသဖြင့် နယ်ပယ်ပေါင်းစုံမှာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ မင်းအောင်လှိုင်တို့ အုပ်စိုးသူတွေအတွက် သိက္ခာရှိတဲ့လမ်း ကြောင်းတစ်ခုကို အာဆီယံက ခင်းပေးတာပါ။ ဒါကို မင်းအောင်လှိုင်က အကြောက်အကန် ဆန့်ကျင်ငြင်းပယ်နေပါ တယ်။ “အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားပါ့မယ်” တစ်ဖက်မှာ ပါးစပ်က ဘယ်လိုပဲပြောဆိုနေပေမယ့် လက်တွေ့မှာတော့ “အာဆီယံတူညီဆန္ဒ (၅)ချက်”ကို ဖျက်လိုဖျက်ဆီး လုပ်နေတာပါ။ ဒေသတွင်းအဖွဲ့အစည်းက လက်နဲ့ရေးပြီးပေးတဲ့ အကူအညီကို မင်းအောင်လှိုင်တို့အုပ်စိုးသူများက ခြေနဲ့ဖျက်နေတဲ့ မချေမငံလုပ်ရပ်ပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့အုပ်စိုးသူတွေရဲ့ ဒီဖော်ပြချက်က အကြောင်းအကျိုးဆီလျော်တဲ့ ပဋိပက္ခ ဆွေးနွေးဖြေရှင်း နည်း တင်ပြချက်ကို ဆန့်ကျင်ငြင်းပယ်ပြီး တစ်ဖက်သတ် အနိုင်ကျင့်အပေါ်စီးယူထားတဲ့ တန်းတူမထားတဲ့ အမည်ခံ ဆွေးနွေးရေးကိုပဲ တစ်ဖတ်သတ် တရားသေ ကိုင်စွဲထားတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတာပဲဖြစ်ပါ တယ်။

မင်းအောင်လှိုင်တို့အုပ်စိုးသူများက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီကနေ ယနေ့ကာလ (၂၀၂၆ ခုနှစ်၊ ဇူလိုင်)အထိ လုပ် ဆောင်ခဲ့သမျှလုပ်ရပ်တွေဟာ ယိမ်းယိုင်သွားတဲ့ စစ်အာဏာရှင်စနစ်ကို အကြမ်းဖက်မှု လိမ်ညာလှည့်ဖြားမှုများနဲ့ အဆက်မပြတ် ကျားကန်နေရတဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ “ရက်ပေါင်း – ၁၀၀ ငြိမ်းချမ်းရေး” ဆိုတာ အဲဒီအကြမ်းဖက်မှုနဲ့ လိမ်ညာလှည့်ဖြားမှု ဆိုတဲ့ စစ်မျက်နှာ (၂)ဖက် တစ်ပြိုင်နက်ထဲဖွင့်ထားတဲ့ စစ်ဆင်ရေးထဲက လှည့်ဖြားမှု ပရိယာယ်တစ်ခုမျှသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာ မင်းအောင်လှိုင်တို့ဟာ သူတို့လက်လွှတ်ခဲ့ရတဲ့ နိုင်ငံနဲ့အဝန်းက နယ်မြေဒေသတွေကိုပြန်ပြီး တိုက်ယူနေတဲ့ စစ်ဆင်ရေးတွေကို မရပ်မနား ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုစစ်ဆင်ရေးကို “အကြမ်းဖက် သောင်း ကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter – Terrorism Operation)”လို့ အမည်တပ်ပါ တယ်။ ဒီအချက်က “အာဆီယံတူညီဆန္ဒ (၅)ချက်”ထဲ အချက်အမှတ် (၁)နဲ့ ငြိစွန်းနေပါတယ်။ သူတို့ရဲ့အကြမ်းဖက် ထိုး စစ်ကို မရပ်စဲနိုင်ပါဘူး။ မရပ်စဲလိုပါဘူး။ ဒါကြောင့် နိုင်ငံနဲ့အဝန်း နေရာမျိုးစုံမှာ နေ့စဉ်နဲ့အမျှ အကြမ်းဖက် ထိုးစစ်ဆင် ဗုံးကြဲနေတာတွေကို မရပ်မနား ပြုလုပ်နေတာပါ။

အခြားတစ်ဖက်မှာတော့ “လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပပြု လုပ်ရန်”ဆိုတဲ့ လေပြေထိုးမှုနဲ့အတူ (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့အစည်းများ / လက်မှတ်ထိုးခဲ့ သော်လည်း (NCA)စာချုပ်ကို စွန့်ပယ်ကျောခိုင်းသွားတဲ့အဖွဲ့အစည်းများ/ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုး ခြင်း မရှိသေးသော်လည်း နှစ်ဖက်သဘောတူညီချက်ရရှိထားတဲ့ အဖွဲ့အစည်းများကို ဆွေးနွေးရေးစားပွဲဝိုင်းသို့ ခေါ်ယူ ထားပါတယ်။

အခုချိန်ထိ ဗိုလ်ရာပြည့် ဥက္ကဋ္ဌ လုပ်နေတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (၄-၆-၂၀၂၆) မှ (၂၁-၇-၂၀၂၆)အထိ တွေ့ဆုံမှု (၇)ကြိမ်ရှိတာတွေ့ရပါတယ်။ ထုတ်ပြန်ကြေညာခြင်းမပြုသေးဘဲ နှစ်ဖက် တွေ့ဆုံနေကြတာမျိုးတွေလည်း ရှိနေတယ်လို့ သုံးသပ် ခန့်မှန်းပြောဆိုကြတာလည်း ကြားသိနေပါတယ်။

မလုပ်ရဲတာမရှိ ဘာမဆိုလုပ်ဝံ့တဲ့ မင်းအောင်လှိုင်ဟာ “အာဆီယံတူညီဆန္ဒ (၅)ချက်”ကို အကြောက်အကန် ဆန့်ကျင်နေပြန်ပါပြီ။ ဒီမိုက်မဲမှုကိုပြုနေတာ ဘယ်သူ့ကို မျှော်လင့် အားကိုးပြီး လုပ်နေတာလဲ။

အထီးကျန် တစ်ကောင်ကြွက်ဖြစ်နေတဲ့ မင်းအောင်လှိုင်တို့ဟာ ဒေသတွင်း အသက်ရှုပေါက်ဖြစ်တဲ့ “အာဆီ ယံ” မိသားစုထဲကနေ တကယ် ထွက်ရဲပါ့မလား။