Home ဆောင်းပါး စကားလုံး အသုံးအနှုန်းနဲ့ သ‌ဘောထား

စကားလုံး အသုံးအနှုန်းနဲ့ သ‌ဘောထား

2966

(‌မောင်‌ကျော်စွာ)

(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ဝရက်)

စကားလုံးအသုံးအနှုန်းဟာ သိပ်အ‌ရေးကြီးပါတယ်။
သုံးစွဲလိုက်တဲ့ စကားလုံး အသုံးအနှုန်းအ‌ပေါ် မူတည်ပြီး သ‌ဘောထားပုံကို သိနိုင်ပါတယ်။ ‌ပျော့‌ပြောင်းတဲ့သ‌ဘောထားလား/ တင်းမာတဲ့သ‌ဘောထားလား၊ ချိသာ‌ပြေပြစ်ပြီး ယဉ်‌ကျေးသလား/ ကြမ်းတမ်းရင့်သီးပြီး ‌မောက်မာရိုင်းပျသလား စသဖြင့် ဖြစ်ပါ တယ်။ လကင်္ာ‌လေးတစ်ခုမှာ‌တော့ “တစ်‌ယောက်စကား၊ တစ်‌ယောက်နားမှာ မခါးရ‌အောင် ‌မောင်တို့ဆို‌လေ ပျားသကာသို့ ချိုလှ ‌စေ”လို့ ဆုံးမ ညွန်ပြထားတယ် မဟုတ်ပါလား။

ဒါ‌ကြောင့် သ‌ဘောထားတစ်ရပ်ကို ‌ပြောဆိုတဲ့အခါ၊ ‌ရေးသားထုတ်‌ဝေတဲ့အခါ ‌ပြောဆို၊ ‌ရေးသား၊ သုံးစွဲတဲ့ စကားလုံးအသုံး အနှုန်း‌ပေါ် မူတည်ပြီး ‌ပြောဆို၊ ‌ရေးသား၊ သုံးစွဲသူ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ ပါတီ၊အဖွဲ့အစည်းရဲ့သ‌ဘောထား အ‌ပျော့၊ အမာကို အကဲခတ်လို့/ အကဲဖြတ်လို့ရနိုင်ပါတယ်။ ကျ‌နော်က‌တော့ ‌ပြောဆိုသူရဲ့ မျက်နှာအမူအရာနဲ့ ကိုယ်‌နေဟန်ထားကိုပါ တွဲပြီး ကြည့်ချင်သူပါ။ စကားလုံး သက်သက်ဖတ်ကြည့်ရုံ၊ အသံသက်သက်သက်နား‌ထောင်ရုံနဲ့ ‌ပေါ်လွင်ချင်မှ ‌ပေါ်လွင်တာ၊ ပြည့်စုံချင် မှ ပြည့်စုံတာ မဟုတ်လား။

ဘယ်လိုစကားလုံးအသုံးအနှုန်းကို ဘယ်သူက၊ ဘယ်အဖွဲ့အစည်းက ဘယ်လို‌ပြောဆို သုံးနှုန်းလိုက်သလဲဆိုတာကို ကြည့်ရ ‌အောင်ပါ။

(NCA)စာချုပ်မှာ လက်မှတ်‌ရေးထားပြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ် ထူးဝင်း ‌ပြောတဲ့ စကားလုံး အသုံးအနှုန်းနဲ့ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် ‌ပြောတဲ့ စကားလုံး အသုံးအနှုန်းနှစ်ခုကို နှိုင်းယှဉ်ပြီး တင်ပြမှာဖြစ်ပါတယ်။

ကာချုပ်ဗိုလ်မင်း‌အောင်လှိုင် ‌ပြောဆိုတဲ့စကားကို အရင်ဆုံး‌ဖော်ပြပါ့မယ်။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၄ရက်‌နေ့က ‌ပြောတာပါ။ တပ် မ‌တော်စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့တံဆိပ်‌တွေ‌ပေးတဲ့အခမ်းအနားမှာ ‌ပြောတဲ့စကားဖြစ်ပါတယ်။
[ (၅ ဇန်နဝါရီ) မြဝတီသတင်းစာ၊ စာမျက်နှာ ၁၆ မှာ ‌ဖော်ပြထားတဲ့အတိုင်း ကူးယူ‌ဖော်ပြလိုက်ပါတယ်]

“ယ‌နေ့ထက်တိုင် အမြင်ကျဉ်း‌မြောင်း‌နေဆဲဖြစ်သည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအချို့က ‌ခေါင်း‌ဆောင်လုပ်သူ များသည် ဒီမိုက‌ရေစီ‌ဖော်‌ဆောင်ရာတွင် ငြိမ်းချမ်းစွာ ‌ဖော်‌ဆောင်ရမည့်အစား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိပါး မှုများ၊ နိုင်ငံ‌တော်၏ အကျိုးစီးပွားကို အဖျက်လုပ်ငန်းနှင့် ထိပါးလာမှုများအပြင်၊ ငြိမ်းချမ်း‌ရေးကို အမှန်တကယ် ရယူလိုစိတ်အား နည်း‌နေခြင်း‌ကြောင့် မလွဲမ‌ရှောင်သာဘဲ စစ်‌ရေးအရ ရင်ဆိုင်‌ဖြေရှင်း‌နေရမှုများ ရှိ‌နေဆဲဖြစ်‌ကြောင်း”

“ယင်းကဲ့သို့‌သော အစွန်း‌ရောက်သူများ ဦး‌ဆောင်‌နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်များ ကို ကာကွယ်တားဆီးတိုက်ပွဲဝင်‌နေသည့် မိမိတို့တပ်မ‌တော်က ဆင်နွှဲ‌နေ‌သော တိုက်ပွဲများသည် နိုင်ငံ‌တော်နှင့် ပြည်သူလူထုအ တွက် တရား‌သော စစ်ပွဲများသာဖြစ်‌ကြောင်း”

ဒီစကားပိုဒ် နှစ်ခုမှာပါရှိတဲ့ အသုံးအနှုန်း‌တွေဟာ အင်မတန်မှ ‌မောက်မာရင့်သီးတယ်ဆိုတာ မြင်သာထင်သာရှိပါတယ်။
“ယ‌နေ့ထက်တိုင် အမြင်ကျဉ်း‌မြောင်း‌နေဆဲဖြစ်သည့်”တဲ့။ ဒီစကားလုံးအသုံးအနှုန်းက ‌စော်ကားလိုက်တာပါ။ (NCA)စာချုပ် လက်မှတ်ထိုးသူနဲ့ မထိုး‌သေးသူ‌တွေကို ခွဲထုတ်တဲ့အသုံးအနှုန်းလည်း ဖြစ်ပါတယ်။ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ထိုးပြီးသူ တိုင်းရင်းသား‌တွေက အရင်လို အမြင်မကျဉ်း‌တော့ဘူး/ လက်မှတ်မထိုး‌သေးသူ‌တွေက‌တော့ အခုထိ ကျဉ်း‌မြောင်း‌နေဆဲလို့ ဆို လိုတာ ဖြစ်ပါတယ်။
“ငြိမ်းချမ်း‌ရေးကိုအမှန်တကယ်ရယူလိုစိတ်အားနည်း‌နေခြင်း‌ကြောင့်” ဒီအသုံးအနှုန်းက စစ်တပ်က ချမှတ်ထားတဲ့ “ငြိမ်းချမ်း‌ရေး မူ ၆ရပ်”ကို လက်မခံ‌သေးဘူး ဆိုတဲ့အချက်နဲ့ စစ်ပွဲ‌တွေဖြစ်ရတာ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်‌ရေးထိုးခြင်းမရှိသူ‌တွေ‌ကြောင့် စစ်ပွဲ‌တွေဖြစ်‌နေရတယ်၊ တိုက်ပွဲ‌တွေဖြစ်‌နေရတယ်လို့ တစ်ဖက်သတ် အပြစ်ဖို့လိုက်တဲ့ အသုံးအနှုန်းလည်းဖြစ်ပါတယ်။

“အစွန်း‌ရောက်သူများဦး‌ဆောင်‌နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်များ”တဲ့။ ဒီစကားလုံးက ‌တော့ ကမ်းကုန်‌အောင် ‌မောက်မာရင့်သီးတဲ့အပြင် ရိုင်းပြတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်က ဆင်နွှဲ‌နေတာက‌တော့ “တရား ‌သောစစ်ပွဲများ”တဲ့။

ကာချုပ်ကိုယ်တိုင် သုံးစွဲလိုက်တဲ့ စကားလုံး အသုံးအနှုန်း‌တွေကို ခြုံငုံကြည့်လိုက်‌တော့ ငြိမ်းချမ်း‌ရေးအတွက် အစိုးရနဲ့ ဆက် လက်‌ဆွေး‌နွေး‌နေဆဲဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌တွေအ‌ပေါ်ကို စစ်တပ်ထိပ်သီးတစ်ဦးက အကြမ်းတမ်းဆုံး စကားလုံး‌တွေသုံးပြီး ရင့်သီး‌စော်ကားရာ ‌ရောက်ပါတယ်။ ‌ဆောင်ရွက်ဆဲ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုဖြစ်စဉ်ကို ထိခိုက်နစ်နာ‌စေတဲ့ အသုံးအနှုန်း‌တွေဖြစ်ပါတယ်။ တနည်းအားဖြင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးဖက်အဖြစ် တည်ရှိ‌နေဆဲဖြစ်တဲ့ တစ်ဖက်အဖွဲ့အစည်း‌တွေ အတွက် နာကျင်မှုနဲ့ နာကျည်းမှုကို ပိုမိုတိုးပွား‌စေတဲ့ အသုံးအနှုန်း‌တွေဖြစ်ပါတယ်။

ဒီလိုအသုံးအနှုန်း‌တွေက မယုံကြည်မှုကို တဆင့်တိုးပြီး နက်ရှိုင်း‌စေတဲ့ အ‌ပြောအဆို‌တွေ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတနဲ့ အစိုးရ ကို‌ကျော်ပြီး ကာချုပ်က ‌ပြော‌နေတယ်ဆိုတဲ့ အချက်ကလည်း အင်မတန် ‌ပေါ်လွင်လှပါတယ်။ တနည်းအားဖြင့် ‌ပြောရရင် သမ္မတနဲ့ အစိုးရရဲ့ အသုံးအနှုန်း‌တွေက ‌ပျော့‌ပြောင်းငြင်သာယဉ်‌ကျေးသ‌လောက်၊ ကာချုပ်နဲ့ စစ်တပ်ဘက်က အသုံးအနှုန်း‌တွေ က ကြမ်းတမ်းရင့်သီး ‌မောက်မာရိုင်းပြလွန်းလှပါတယ်။

အစိုးရက “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေ‌ကြောင့်”လို့ သံတမန်ဆန်ဆန်သုံး‌နေ‌သော်လည်းပဲ “တိုင်းရင်းသား လက်နက် ကိုင် အကြမ်းဖက်‌သောင်းကျန်းသူ‌တွေ‌ကြောင့်”လို့ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက်သုံးပါတယ်။

“တပ်မ‌တော်ရဲ့သ‌ဘောထားအမှန်”ဆိုတာ ဒီလိုအသုံးအနှုန်းက‌နေ ‌ဖော်ပြ‌နေတဲ့သ‌ဘောထားမျိုးကို ဆိုလိုတာပဲ ဖြစ်ပါလိမ့်မယ်။
‌နောက်တဆင့်တိုးပြီးမြင်နိုင်တာက ကာချုပ်အ‌နေနဲံ့၊ စစ်တပ်အ‌နေနဲ့ ဒီလို စကားလုံး အသုံးအနှုန်း‌တွေသုံးစွဲ‌နေတာ၊ ဒီလိုတင်း မာပြီးခက်ထန်မာ‌ကြောတဲ့ သ‌ဘောထားမျိုး‌တွေ ထားရှိ‌နေတာ‌တွေကို သမ္မတနဲ့ အစိုးရက ‌ဖျောင်းဖျနားချနိုင်စွမ်း၊ တားမြစ်နိုင် စွမ်း၊ ကန့်ကွက်နိုင်စွမ်းမရှိဘူးဆိုတဲ့ အချက်ပါပဲ။

ပဒိုကွယ်ထူးဝင်း‌ပြောတဲ့စကားကို ကြည့်ရ‌အောင်။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၇ရက်‌နေ့က ‌ပြောတာပါ။ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ (ABSDF)ရဲ့ ၂၁ရာစုပင်လုံ အကြိုလူထု‌ဆွေး‌နွေးပွဲ ‌ပြောတဲ့စကားဖြစ်ပါတယ်။
[ပြည်သူ့အ‌ရေး ဂျာယ်၊ အတွဲ ၃၊ အမှတ် ၁၁၈၊ စာမျက်နှာ ၆ မှာ ‌ဖော်ပြထားတာတဲ့အတိုင်း ကူးယူ‌ဖော်ပြလိုက်ပါတယ်]

“ကျွန်‌တော် ရိုးရိုး‌ဝေါဟာရတစ်ခုပဲ သုံးမယ်။ မဟာနဲ့ အာဏာပြဿနာ‌ကြောင့် ဖြစ်ပါတယ်။ မဟာဆိုတဲ့‌နေရာမှာ မဟာလူမျိုး‌ရေး ဝါဒ၊ အာဏာဆိုတာ အာဏာရှင်စနစ်‌ကြောင့်ပဲ ကျွန်‌တော်တို့ ရင်ဆိုင်‌နေရပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာခဲ့တာ ကျွန်‌တော်တို့နိုင်ငံမှာ အများက ‌ပြောတာက ၁၉၄၈ခုနှစ် လွတ်လပ်‌ရေးရပြီးတဲ့ ‌နောက်ပိုင်းမှာ ဖြစ်လာတဲ့ပြဿနာ”တဲ့။

ကာချုပ်စကားလုံး အသုံးအနှုန်းနဲ့ (KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး အသုံးအနှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ ပဒိုကွယ်ထူးဝင်း အသုံး အနှုန်း‌တွေမှာ ချုပ်တည်းမှုကို အထင်အရှားမြင်နိုင်ပါလိမ့်မယ်။ ဘယ်‌လောက်ထိ ချုပ်တည်းထားသလဲဆို‌တော့ “မဟာလူမျိုး‌ရေး ဝါဒ”လို့ပဲ သုံးသွားတယ်။ တကယ်‌တော့ သူတို့သုံးစွဲ‌နေကျ စကားလုံးက “မဟာဗမာလူမျိုးကြီးဝါဒ” ဖြစ်ပါတယ်။ ‌နောက်တစ်ခုကို ကြည့်ပါအုံး။ “အာဏာရှင်စနစ်”တဲ့၊ “စစ်” ဆိုတဲ့စကားလုံးကို သူ ဖြုတ်ထားတယ်။

သူ ဒီလိုစကားလုံး‌တွေ သုံးတာဟာ (NCA)စာချုပ်ကို လက်မှတ်ထိုးထားလို့၊ ကာချုပ်က (KNU)ဥက္ကဋ္ဌကို အခြားအဖွဲ့‌တွေထက် ပို ပြီး “ပစား”‌ပေး‌နေတာ‌တွေကို အားနာလို့လည်းဖြစ်နိုင်သလို။ သူ့ဘက်က ငြိမ်းချမ်း‌ရေးကို ရယူလိုချင်လွန်းတဲ့ သ‌ဘောထား ‌ကြောင့်လည်း ဖြစ်‌ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အခြားအ‌ကြောင်းတစ်ခုခု‌ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

‌သေချာတာ‌တော့ သူ့အသုံးအနှုန်း‌တွေက ကာချုပ် သုံးစွဲတဲ့ စကားလုံး‌တွေလို မကြမ်းဘူး၊ မရမ်းဘူး၊ မရင့်သီးဘူး။ မ‌မောက်မာ ဘူး ဆိုတဲ့အချက်ပါပဲ။ ကွယ်လွန်‌လေပြီးဖြစ်တဲ့ သူတို့ “ဥက္ကဋ္ဌကြီး‌စောဘိုမြ”အ‌ပေါ် တပ်မ‌တော်က လိုရင် “ဖထီး”၊ မလို‌တော့ “ငမြ”လို့ သုံးစွဲခဲ့တာကို သူတို့ ‌ကောင်း‌ကောင်းသိတာပဲ။ ‌စောသမူဟဲတို့ လက်နက်ချတဲ့ပွဲမှာ ကရင်အမျိုးသားအလံကို ‌ခြေ ‌ထောက်နဲ့ နင်းခဲ့တဲ့ဖြစ်ရပ်ကိုလည်း သူတို့ဘယ်လို ‌မေ့‌ဖျောက်ပစ်လို့ရနိုင်မှာလဲ။ ဒါ‌ပေမယ့် ဒါ‌တွေကို သူတို့ရင်ထဲမှာ သိမ်းဆည်း မျိုသိပ်ထားပုံရတယ်။

ဒါဟာ တချိန်က နင်လားငါလား၊ သူ‌သေငါရှင် တိုက်ခဲ့ကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုက ဒီက‌နေ့ ရှိ‌နေတဲ့၊ ‌ရောက်‌နေတဲ့ အ‌နေအထား မပျက်စီး‌စေလိုတဲ့ သ‌ဘောထား၊ ငြိမ်းချမ်းလိုတဲ့ သ‌ဘောထားနဲံ့ ထိန်းထိန်းသိမ်းသိမ်း ငြင်ငြင်သာသာ သုံးစွဲထား တဲ့ စကားလုံး အသုံးအနှုန်း‌တွေလို့ ‌ပြောရင်လည်း ရနိုင်လိမ့်မယ်လို့ ‌တွေးထင်ယူဆပါတယ်။

တကယ်တမ်း ငြိမ်းချမ်းတယ်ဆိုရင်‌တော့ ငြိမ်းချမ်းလိုတဲ့သ‌ဘောကို ‌ပေါ်လွင်‌စေတဲ့ စကားလုံးအသုံးအနှုန်း‌တွေပဲ သုံးဖို့လိုပါလိမ့် မယ်။ ဒီ‌နေရာမှာ မိမိသ‌ဘောထားကို ‌ဖော်ပြတဲ့အခါမှာ‌တော့ မိမိသုံးစွဲတဲ့စကားလုံးအတိုင်း တိတိကျကျ ‌ဖော်ပြ‌ပေးဖို့ မီဒီယာ ‌တွေမှာ တာဝန်ရှိပါတယ်။ အယ်ဒီတာ့သ‌ဘောနဲ့ လိုသလို ပြင်ဆင်၊ ဖြည့်စွက်၊ ‌ပြောင်းလဲ၊ ဖြုတ်ပယ်တာမျိုးလည်း မလုပ်သင့် ပါဘူး။ ဖုံးကွယ် ဖာ‌ထေးသလို မလုပ်သင့်ပါဘူး။ မလုပ်ထိုက်ပါဘူး။

တာဝန်ရှိတဲ့သူ‌ပြောဆိုတဲ့ သုံးနှုန်းတဲ့ စကားလုံးအတိုင်း တိတိကျကျ ထည့်သွင်း‌ဖော်ပြ‌ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ လိုသလို ‌ဖော်ပြထားတဲ့ အသုံးအနှုန်းတစ်ခုကို ဇန်နဝါရီလ ၁ရက်‌နေ့ထုတ် အစိုးရပိုင် ‌ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာ‌တွေမှာ ‌တွေ့ရှိရပါတယ်။ ဒါကလည်း ‌ကြေးမုံနဲ့ မြန်မာ့အလင်းအယ်ဒီတာအဖွဲ့ကပဲ ကာချုပ်ထံ ခွင့်‌တောင်းပြီး ‌ပြောင်းလဲသလား၊ သို့ တည်းမဟုတ် ပြန်ကြား‌ရေးဝန်ကြီးသ‌ဘောထားနဲ့ပဲ ပြင်ဆင်ခဲ့သလားဆိုတာ‌တော့ သူတို့ချင်းပဲ သိမှာပါ။ ‌သေချာတာ‌တော့ အသုံးအနှုန်းနှစ်ခု ခြားနား‌နေတာပါပဲ။

စစ်တပ်ပိုင် မြဝတီသတင်းစာ ‌ဖော်ပြတဲ့ “တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား”မှာ “တိုင်းရင်း သားလက်နက်ကိုင် အကြမ်းဖက်‌သောင်းကျန်းသူ‌တွေ‌ကြောင့်” ဆိုတဲ့ စကားရပ်ကို ‌ဖော်ပြခဲ့ပါတယ်။ ဒါ‌ပေမယ့် အစိုးရပိုင် ‌ကြေး မုံနဲ့ မြန်မာ့အလင်းသတင်းစာ‌တွေမှာ ‌ဖော်ပြတဲ့ “တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား”မှာ‌တော့ “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌တွေ‌ကြောင့်”ဆိုတဲ့ စကားရပ်နဲ့ လဲလှယ်‌ဖော်ပြထားတာ ‌တွေ့ရပါတယ်။

ဒီလိုပြင်ဆင်တာမျိုးဟာ လုံးဝ မဖြစ်သင့်ပါဘူး။
‌သေချာတာ‌တော့ အစိုးရနဲ့ စစ်တပ်အသုံးအနှုန်း ခြားနားတယ်။ အသုံးအနှုန်းခြားနား‌တော့ သ‌ဘောထားပုံချင်းလည်း မတူကွဲပြား တယ်ဆိုတာ‌ပေါ်လွင်‌နေပါတယ်။ ‌နောက်တစ်ချက်က‌တော့ အစိုးရဟာ စစ်တပ်မျက်နှာကို တစ်ကြည့်ထဲ ကြည့်‌နေရတယ်ဆိုတဲ့ အချက်လည်း သိပ်‌ပေါ်လွင်ပါတယ်။ ဒီအချက်‌တွေက‌တော့ စကားလုံးအသုံးအနှုန်း‌တွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ရာက‌နေ ရလာတဲ့ ရရှိချက်တချို့ပဲ ဖြစ်ပါတယ်။

“စကား၊ စကား‌ပြောပါများ‌တော့ စကားထဲက ဇာတိပြတယ်”ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ် မဟုတ်လား။