ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်တောင်ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်မပစ်ရန်နှင့် တွေ့ရှိပါက ကျပ်ငွေ(၅၀,၀၀၀) ဒဏ်ငွေပေးဆောင်ရန်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်နယ်စစ်အုပ်စုက ဇွန်လ(၂၃)ရက်နေ့က စာထုတ်သတိပေးသည်။
ကရင်ပြည်နယ်၏အထိမ်းအမှတ်တစ်ခုအဖြစ်ထင်ရှားသည့် ဇွဲကပင်တောင်တွင် နှစ်စဥ်ခရီးသွားရာသီရောက်တိုင်း တောင်တက်ခရီးသွားများဖြင့်စည်ကားလျက်ရှိသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ပျက်စီးစေ၍ မည်သည့်ခရီးသွားမဆို သတ်မှတ်နေရာတွင်သာ အမှိုက်စွန့်ပစ်ရန် ရည်ရွယ် သတိပေးခြင်းဖြစ်သည်ဟု မြို့နယ်ထွေအုပ်က ဖော်ပြသည်။
သတ်မှတ်နေရာမဟုတ်ဘဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူသည် ဒဏ်ငွေအဖြစ် ကျပ် (၅၀,၀၀၀) ပေးဆောင်ရမည် ဖြစ်သလို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။ ၎င်းအပေါ် ဖားအံမြို့ခံအသိုင်းအဝိုင်း၏ အပြုသဘောဆောင်သော ထောက်ခံပြောဆိုမှုများလည်း ရှိသည်။
“ဒဏ်ငွေရိုက်တဲ့စနစ်ကိုတော့ ထောက်ခံတယ်။ စည်းကမ်းနဲ့ထိန်းကျောင်းလိုက်တော့ အမှိုက်ပြဿနာကိုချက်ချင်း လျော့ကျစေမယ့်နည်းလမ်းလည်း ဖြစ်တယ်။ ဒါပေမဲ့ မျက်နှာမလိုက်ဘဲ တိတိကျကျ ဖမ်းဆီးအရေးယူဖို့တော့ လိုတာပေါ့” ဟု ဖားအံမြို့ပေါ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စည်းကမ်းမဲ့အမှိုက်ပစ်သူပေးဆောင်ရမည့် ဒဏ်ငွေထက်ဝက်အား ခရီးစဥ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၏ ရန်ပုံငွေအဖြစ်လည်းကောင်း၊ ကျန်ငွေတစ်ဝက်ကို စည်းကမ်းမဲ့အမှိုက်ပစ်မှုကို မျက်မြင်တွေ့ရှိပြီးဖမ်းဆီးပေးနိုင်သူအား ဆုကြေးအနေဖြင့်လည်းကောင်း ခွဲဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်စစ်အုပ်စုထုတ်ထားသည့် ဒေသန္တရအမိန့်ကြေညာချက်အရ ငွေဒဏ်အပြင် အရေးယူခံရမည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ သည် ကျူးလွန်သူအား ထောင်ဒဏ်(၁)လမှ (၆)လအထိ အပြစ်ပေးနိုင်ခြင်းရှိသည်။
ကရင်ပြည်နယ်၏မြို့တော်အဖြစ် သတ်မှတ်ထားသည့် ဖားအံမြို့သို့ နှစ်စဥ်မိုးရာသီနှင့်ဆောင်းရာသီရောက်တိုင်း ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သူများပြားသလို ဖားအံခရီးသွား အထင်ကရနေရာများအနက် ဇွဲကပင်တောင်တက်ခရီးစဥ်မှာ ထင်ရှားစည်ကားသည်။
တဖက်တွင်လည်း ဇွဲကပင်တောင်တက်လမ်းတစ်လျှောက် စွန့်ပစ်အမှိုက်ပြဿနာ နှစ်စဥ်ကြုံတွေ့နေရပြီး အမှိုက်များ စနစ်တကျစွန့်ပစ်ရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ၊ ဒေသခံများက လှုပ်ရှားပြောဆိုနေကြသည်။



















