ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ ကဒိပုကျေးရွာအုပ်စုအတွင်းသို့ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အပါအဝင် (၄) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ သိရသည်။
မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်အုပ်စု၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ-၃) မှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ပဏ္ဍိကုန်း ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
၎င်းလက်နက်ကြီးကြောင့် ကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်(၁)ဦး၊ အသက် (၄၁) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် သူမဗိုက်ထဲရှိ မမွေးဖွားသေးသော ခုနစ်လအရွယ် အမြွှာကလေးငယ်(၂)ဦး၊ စုစုပေါင်း(၄)ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
“သူ့မှာက ကိုယ်ဝန် ခုနှစ်လရှိပြီး။ လက်နက်ကြီးအစက သူ့ဗိုက်ကို မှန်တာကြောင့် ဘီးလင်းဆေးရုံကို သူများသွားပို့ပေးတယ်။ ဆေးရုံရောက်တော့ ဆုံးသွားတယ်။ သူ့ဗိုက်ကိုခွဲကြည့်တော့ အမွှာဖြစ်နေတာ။ နှစ်ယောက်စလုံးက မိန်းကလေးတွေ” ဟု ပဒိုစောအေးနိုင်က ပြောသည်။

ထို့အပြင် ပဏ္ဍိကုန်း ကျေးရွာနေ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်(၁)ဦးနှင့် အသက် ၃၂ အရွယ် အမျိုးသား(၁)ဦးမှာ လက်နက်ကြီးကျည်စများထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ကျေးရွာအတွင်း နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ရသည့်အပြင် ဒေသခံများ မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်းလည်း တာဝန်ရှိသူထံမှ သိရသည်။
ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိ သည့်တိုင်အောင် စစ်အုပ်စုက အရပ်သားနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ယခုဇွန်လအတွင်း သထုံခရိုင်၌ အရပ်သားပြည်သူ လုံခြုံရေးစိုးရိမ်စရာအခြေအနေ ဆက်လက်ရှိနေသလို ဇွန်လ (၂၂) ရက်မှ (၂၄)ရက်နေ့အထိ သုံးရက်ဆက်တိုက် ဘီးလင်းမြို့နယ်ရှိ ရွေတူးဖော်ရေး လုပ်ငန်းခွင်နေရာများကို လေယာဥ်ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာတွင် အလုပ်သမား (၁) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။



















