ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ထိုင်းဘတ်ငွေအတုသုံးစွဲသူ(၂)ဦးအား လက်ဝယ်တွေ့ရှိသည့် စုစုပေါင်းဘတ်ငွေတန်ဖိုး(၄၉၀,၀၀၀)နှင့်တကွ ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA က ဖမ်းဆီးပြီး မြဝတီစစ်အုပ်စုထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
အဆိုပါဘတ်ငွေအတုများမှာ ထိုင်းနိုင်ငံဘက်မှတဆင့်တင်သွင်းလာသည်ဟု BGF/KNA က ယူဆသလို ငွေအတုသုံးစွဲသူ(၂)ဦးကိုလည်း ဇွန်လဒုတိယအပတ်ထဲတွင် ဖမ်းဆီးပြီး မြဝတီမြို့မရဲစခန်း စစ်အုပ်စုထံအပ်နှံခဲ့သည်ဟု အဖွဲ့ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ဒေသတွင်းသတင်းမီဒီယာတစ်ခုတွင်မူ ငွေအတုအမှုကျူးလွန်သူများကို မြဝတီမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှတဆင့် စုံစမ်းနိုင်ခဲ့ခြင်းဖြစ်၍ ၎င်းတို့(၂)ဦးလုံးမှာ ကရင်ငြိမ်းချမ်းကောင်စီ-PC အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းရှိသည်။
PC အဖွဲ့ဝင်များ ငွေအတုကိစ္စကြောင့် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး “အဲဒီကိစ္စ ကျနော်တို့ဌာနချုပ်ကိုလာတင်ပြတာ မရှိဘူး။ BGF ကလည်း အဲဒီကိစ္စနဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ဖမ်းထားတယ်ဆိုတာမျိုး မကြားမိဘူး ကျနော် ပြန်တော့မေးကြည့်ရမယ်” ဟု PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်က ကေအိုင်စီကို ပြောသည်။

ထိုင်းဘတ်ငွေအတုအမှုအား BGF/KNA က စုံစမ်းစစ်ဆေးမှုအရ ထိုင်းနိုင်ငံဘက်မှတင်သွင်းလာသည့် ငွေအတုများတွင် ဘတ်တစ်ထောင်တန် အရွက်ရေ (၁,၀၀၀) ပါရှိပြီး တန်ဖိုးငွေစုစုပေါင်း ဆယ်သိန်း ဘတ်ဖြစ်သည်။ ကျူးလွန်သူ(၂)ဦးထံမှ ဘတ်ငွေ ၄ သိန်း ၉ သောင်းကို လက်ရှိသိမ်းဆည်းနိုင်ခဲ့သော်လည်း ၅ သိန်း ၁ သောင်းကျန်ရှိနေ၍ ဆက်လက်ရှာဖွေနေကြောင်း ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။
ယခုဇွန်လအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်များကြောင့် သတိထားစောင့်ကြည့်ခံနေရသည့် မြဝတီဒေသ အထူးသဖြင့် ရွှေကုက္ကိုလ်ဘက်တွင် ထိုင်းဘတ်တစ်ထောင်တန်များ တုပသုံးစွဲသည့်ကိစ္စ လူပြောများနေပြီး တဖက်ကမ်း မဲဆောက်မြို့ဘက်တွင်လည်း ငွေအတုပျံ့နှံ့မှုတွေ့ရကြောင်း မြို့နေလူထုထံမှ သိရသည်။
ထိုင်းနိုင်ငံဗဟိုဘဏ်ဘက်ကမူ ဘတ်ငွေအတု ထုတ်လုပ်သည့်နေရာ (သို့မဟုတ်) သုံးစွဲသူကို တွေ့ရှိပါက နီးစပ်ရာရဲစခန်း အပါအဝင် ထိုင်း ဗဟိုဘဏ်သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားခြင်းရှိသည်။



















