Home သတင်း ပိုင်ကျုံ KYO ၏ တတိယအကြိမ်မြောက်ကွန်ကရက်မှ အလုပ်အမှုဆောင်ကော်မတီဝင် (၇) ဦး ရွေးကောက်တင်မြှောက်

ပိုင်ကျုံ KYO ၏ တတိယအကြိမ်မြောက်ကွန်ကရက်မှ အလုပ်အမှုဆောင်ကော်မတီဝင် (၇) ဦး ရွေးကောက်တင်မြှောက်

309
Photo: KNU

ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO) ၏ လေးရက်တာပြုလုပ်ကျင်းပခဲ့သည့် (၃)ကြိမ်မြောက်ကွန်ကရက်မှ ဥက္ကဌနေရာအပါအဝင် အလုပ်အမှုဆောင်ကော်မတီဝင်(၇)ဦးကို ရွှေးကောက်တင်မြှောက်ခဲ့ကြောင်း မြို့နယ် KYO က ထုတ်ပြန်သည်။

ပိုင်ကျုံမြို့နယ် ကေအဲန်ယူ အုပ်ချုပ်ရေး၊ တရားရေးတာဝန်ရှိခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လာကြသည့် အဆိုပါကွန်ကရက်ကို ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ဖွဲ့၍ အလုပ်အမှုဆောင်ကော်မတီဝင် (၇) ဦးအား လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဆိုသည်။

ထုတ်ပြန်ချက်အရ ယခင်က ပိုင်ကျုံမြို့နယ် KYO အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စောအယ်ကပေါ်ထူးက လက်ရှိတွင် ဥက္ကဌဖြစ်လာပြီး နောင်ဘိုကြီးကျေးနယ်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ စောဇွဲချစ်ဦးက မြို့နယ်အတွင်းရေးမှူးဖြစ်လာသည်။

ကျန်ကော်မတီဝင်(၅)ဦးကိုလည်း စည်းရုံးရေးနှင့်ပြန်ကြားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ ဘဏ္ဍာရေးနှင့် စာရင်းစစ်တာဝန်ခံများအဖြစ် အသီးသီး တာဝန်ပေးအပ်ခဲ့ကြောင်း ပိုင်ကျုံမြို့နယ် KYO ထံမှသိရသည်။

မြို့နယ် KYO ၏ တတိယအကြိမ်မြောက်ပြုလုပ်ခဲ့သည့် ကွန်ကရက်သို့ မြို့နယ်ဥက္ကဌ ပဒိုစောဆာပုလဲဒီဝမ်း၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောပုလူ၊ မြို့နယ်တရားသူကြီး ပဒိုမန်းစံရွှေမြင့်၊ မြို့နယ်ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှတာဝန်ရှိသူများအပါအဝင် ကျေးရွာအုပ်စုလူငယ်ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ(၉၀)ကျော် တက်ရောက်ခဲ့ကြသည်။