ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် မေလ တစ်လတာအတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား(၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရရှိသွားကြောင်း ခရိုင်၏ လချုပ်စာရင်းအရ သိရသည်။
မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် တစ်လအတွင်း စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားမှုမရှိသည့်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှု (၂၃) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၇၆) ကြိမ်၊ လေယာဥ်အသုံးပြုပစ်ခတ်မှု (၅) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်လက်နက်ကြောင့် သေဆုံးသူများတွင် အမျိုးသမီး(၂)ဦးနှင့်အမျိုးသား(၅)ဦး ပါဝင်သည်။ နောက်ထပ်အရပ်သား(၁၈)ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် ဘုန်းကြီးကျောင်း၊ နေအိမ်များ၊ ပြည်သူပိုင် ပစ္စည်းဥစ္စာနှင့်အိမ်မွေးတိရစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခြင်းရှိသည်ဟု ကေအဲန်ယူစာရင်းတွင် ဖော်ပြသည်။

ထို့အပြင် မေလ (၂၂) ရက်နေ့က မုန်းမြို့နယ်၊ တောင်စုကျေးရွာသို့ စစ်အုပ်စုတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာခံများပိုင်ဆိုင်သောအဖိုးတန်ပစ္စည်းများကို ယူဆောင်၍ နေအိမ်မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခြင်းလည်း ရှိခဲ့သည်။
စစ်အုပ်စုသည် ၎င်းတို့အခြေစိုက်တပ်စခန်းများမှ ကျေးရွာများဘက်ကို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လေ့ရှိခြင်းကြောင့် မကြာခဏနေရပ်တိမ်းရှောင်ရသည်ဟု ညောင်လေးပင်ခရိုင်စစ်ဘေးရှောင်များက ယခုဇွန်လထဲတွင် ပြောသည်။
ပြီးခဲ့သည့် ဧပြီလတုန်းကလည်း စစ်အုပ်စုက ညောင်လေးပင်ခရိုင်အတွင်း လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ (၄၄) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ မှတ်တမ်းအရ သိရသည်။



















