Home သတင်း ဖားအံမြို့နယ်၊ နောင်မဘုံရွာရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန် ထိုင်းရောက်ရွာခံလူငယ်အဖွဲ့ တောင်းဆိုခဲ့

ဖားအံမြို့နယ်၊ နောင်မဘုံရွာရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန် ထိုင်းရောက်ရွာခံလူငယ်အဖွဲ့ တောင်းဆိုခဲ့

195

ဇွန်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ နောင်မဘုံ(နွန့်ဝါ့ဘုံ)ကျေးရွာတွင် အာဝါဒေးလောင်းကစားဝိုင်း များမှာ လုံးဝ ပိတ်သိမ်းပေးရန် ထိုင်းနိုင်ငံရောက် နောင်မဘုံရွာခံလူငယ်အဖွဲ့က သက်ဆိုင်ရာ တာဝန်ရှိသူများထံ တွေ့ဆုံညှိနှိုင်းကာ တောင်းဆိုခဲ့ကြသည်ဟု ၎င်းလူငယ်များက ကေအိုင်စီသို့ ယနေ့ ပြောသည်။

“ရွာမှာရှိတဲ့ အာဝါဒေးကို ဆက်ပြီးမထားဖို့ တောင်းဆိုတယ်။ ဒီနှစ်ကုန်ထိလောက်ပဲ လုပ်ရင်လုပ်ပါစေ။ လာမယ့်နှစ်ကျ ရင်တော့ လုံးဝ မထားဖို့ ညှိနှိုင်းခဲ့တယ်။ ရွာသားတွေ ရှုံးတာများလာတော့ ထိုင်းရောက်တဲ့ကလေးတွေ လစာရရင် မိဘ ဆီ ပို့ဆပ်ရတယ်။ ရွာဖွံ့ဖြိုးမှုလည်း နှောင့်နှေးတယ်။ ကလေးငယ်လေးတွေထိ ဒီလိုမျိုးကစားတတ်တော့ နောက်ပိုင်း ရွာဖွံ့ဖြိုးရေး ဘယ်လိုသယ်ပိုးမလဲ။”ဟု ထိုင်းနိုင်ငံရောက် နောင်မဘုံရွာသား စောမိုက်ဖေါင်က ပြောသည်။

ဆယ်စုနှစ်နီးပါးကြာ ပြုလုပ်ကျင်းပခဲ့သည့် အာဝါဒေးလောင်းကစားပွဲမှာ ရပ်ရွာဖွံ့ဖြိုးရေးကို ထိခိုက်စေသဖြင့် ယင်း ကို အပြီးတိုင် ပိတ်သိမ်းပေးရန် လက်ရှိ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ရွာခံလူငယ်အဖွဲ့ (ဖၠုံသာအဲဆိုဒ် ဆ်ုၜုံးခၠီ့ကုံလွဲာ – KLCD) မှ ဦးဆောင်၍ ဧပြီလ ပထမပတ်တွင် ကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ အဖွဲ့ဝင်များနှင့် သွားရောက် တွေ့ဆုံကာ ညှိနှိုင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွာခံလူငယ်မောင်မယ်များ၏ တောင်းဆိုမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်သူများက လာမည့်နှစ် (၂၀၂၇)တွင် အဆိုပါအာဝါဒေးလောင်းကစားဝိုင်းကို လုံးဝ ပိတ်သိမ်းပေးမည်ဟု သဘောတူညီခဲ့ကြောင်းနှင့် ယခုဇွန်လ တွင် နောင်မဘုံကျေးရွာ၌ လောင်းကစားဝိုင်းများ ရပ်တန့်လိုက်သည်ဟုသိရကြောင်း တောင်းဆိုခဲ့သူများက ယနေ့ ဇွန်လ ၂၅ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အာဝါဒေး လောင်းကစားဝိုင်းများကို အရွယ်ရောက်သူများ၊ သက်ကြီးပိုင်း အများစုအပြင် အသက် ၁၀နှစ်နီးပါးအရွယ် ကလေးသူငယ်များကိုပါ တွေ့ရှိလာရသည့်အပြင် လောင်းကစားကြောင့် ကြွေးမြီတင်ကာ လယ်၊ ဥယျာဉ်ခြံမြေ ရောင်းချပြီး အကြွေးဆပ်ရသည့် အခြေအနေအထိ ရှိလာခဲ့ကြောင်း သိရသည်။

အမည်မဖော်လိုသူ နောင်မဘုံရွာသူတစ်ဦးက “ရွာကလူတွေက ထင်သလောက် ဆင်းရဲမွဲတေနေကြတာလည်း မဟုတ်ဘူး။ အဲဒီလောင်းကစားကြောင့်ပဲ အကြွေးတွေတင်ကုန်တယ်။ သားသမီးတွေက အဲဒီအကြွေးတွေ ဝန်ထုပ် ဝန်ပိုးနဲ့ပဲ အနာဂတ်တွေပျောက်ပြီး ပညာရေးလည်း မစဉ်းစားနိုင်တော့ဘူး။ ကိုယ့်မိဘလုပ်ထားတဲ့ အကြွေးတွေဆပ် နေရလို့ သူများနိုင်ငံတွေမှာ ကျွန်သွားခံရတယ်။ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ အခု ရွာမှာ ၅နှစ်ကလေးကအစ မုန့်ဖိုး ပေးရင် အံဂလုံပဲ ထိုးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြေပြင်လောင်းကစားတစ်မျိုးဖြစ်သော အာဝါဒေးဝိုင်းတွင် ဖဲ၊ ကာစီနို၊ ငါးပစ်ဂိမ်း၊ အန်ဂလုံနှင့် အရပ်ခေါ် အနီထောင် စသည့် ကစားနည်းမျိုးစုံပါဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးမှာ နယ်မြေခံ လူကြီး၊လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးခြင်း၊ လူနေအိမ်များတွင်လည်း ပစ္စည်းခိုးခံရခြင်းနှင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ခြင်း များပြားလာသည်ဟုလည်း အဆိုပါရွာခံလူငယ်အဖွဲ့က ပြောဆိုသည်။

နောင်မဘုံကျေးရွာတွင် ညပိုင်း ပုံမှန်ပြုလုပ်နေသည့် လောင်းကြေးပါ အာဝါဒေးလောင်းကစားဝိုင်းများကို နေ့ပိုင်းပါ တိုးချဲ့ခဲ့ကြပြီး ရာသီအလိုက် ပွဲလမ်းသဘင် မရှိသော်လည်း နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အကာအ ကွယ်ဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်ဟုလည်း နယ်မြေခံများ၏ပြောပြချက်များအရ သိရသည်။

ယင်းကျေးရွာတွင် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နယ်ခြားစောင့်တပ် BGF အသွင်ပြောင်း KNA တပ်ဖွဲ့ နှင့် ပြည်သူ့စစ်အဖွဲ့များက အခြေစိုက်ထားကြပြီး အာဝါဒေးလောင်းကစားကို စီးပွားဖြစ် လုပ်ကိုင်နေကြသည်ဟု ဒေသခံ များက ပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် ၎င်းတို့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ကရင်ပြည်နယ်ရှိ ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင် ပျော်ပွဲရွှင်ပွဲများနှင့် ဘုရားပွဲများကို အကြောင်းပြု၍ အာဝါဒေး လောင်းကစားဝိုင်းများ တနှစ်ပတ်လုံး ပွဲသွင်းကျင်းပမှုများ ရှိနေဆဲဖြစ်သလို အချို့ကျေးရွာအုပ်စုများတွင် ရွာခံ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များလည်း လုံခြုံရေးယူထားပေးကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များထံမှ သိရသည်။