ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လယ်ရှိ တိုက်ခန်းတစ်ခုကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၈း၀၀)နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် မြန်မာနိုင်ငံသား(၇)ဦးအပါအဝင် စုစုပေါင်း(၉)ဦး ဖမ်းဆီးခံရကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားအများအပြားငှားရမ်းနေထိုင်သည့် တိုက်ခန်းတစ်ခုအတွင်းသို့ ကွန်ပျူတာအပါအဝင် အီလက်ထရွန်နစ် စက်ပစ္စည်းအများအပြားသယ်ဆောင် နေထိုင်လျက်ရှိသည့် တိုင်ကြားချက်ကြောင့် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ(၉)ဦးအနက် မြန်မာနိုင်ငံသား (၇)ဦးပါဝင်ပြီး ၎င်းတို့တွင် အထောက်အထားမရှိသူ (၁)ဦး၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (Temporary Border Press) လက်မှတ်ကိုင်ဆောင်သူ(၂)ဦး၊ အလုပ်လုပ်ခွင့်(Work Premit) ကတ်၊ ပန်းရောင်ကတ်နှင့် မြန်မာပတ်စပိုစ့် ကိုင်ဆောင်ထားသူများ ပါဝင်ကြောင်း သိရသည်။

ကျန်(၂)ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေသည့် သက်သေခံပစ္စည်းအမြောက်အများနှင့်တကွ ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သက်သေခံအဖြစ်သိမ်းဆည်းလိုက်သည့် ပစ္စည်းများတွင် Desktop ကွန်ပျူတာ (၁၃)စုံ၊ Laptop ကွန်ပျူတာ (၇)လုံး၊ လက်ကိုင်ဖုန်း (၃၃)လုံး၊ ဘဏ်စာအုပ် (၂၉) အုပ်နှင့် ATM ကတ်( ၂၆) ကတ်ပါဝင်သလို ဘဏ်အကောင့်ထဲ၌ ဘတ်ငွေ(၆)သန်းမှ (၇)သန်းခန့် ငွေပမာဏများရှိနေကြောင်းလည်း သိရသည်။
အာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လည်မှုနှင့် ဆိုက်ဘာ ရာဇဝတ်မှုများတိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်နှိမ်နင်းလျက်ရှိသည်။ စစ်ဆေးရေးလုပ်ဆောင်နေသည့် (၉)လတာအတွင်း သံသဃရှိသူ (၂၉၀,၀၀၀)ကျော် ဖမ်းဆီးရမိသည့်အပြင် သံသယရှိဖွယ် ဖုန်းနံပါတ်(၃)သိန်းကျော်နှင့် လိမ်လည်လှည့်ဖြားသည့် ဝက်ဆိုက်ပေါင်း (၁)သိန်းကျော် ပိတ်ဆို့ခံရကြောင်း ထိုင်းနိုင်ငံ အွန်လိုင်းငွေလိမ်လည်မှု တိုက်ဖျက်ရေးဌာန၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။



















