ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း လက်နက်ကိုင်တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကျည်ကျရောက်ထိမှန်အပြီး ထိုင်းစစ်တပ်မှ သောင်ရင်းမြစ်ကမ်းနား လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်၊ တနင်္ဂနွေနေ့ညပိုင်းတွင် မြန်မာနိုင်ငံ၊ မင်းလက်ပံရွာနှင့် မျက်နှာချင်းဆိုင်ရှိနေသည့် မဲ့ကိုကင်းရွာ စာသင်ကျောင်းအဆောက်အအုံသို့ လက်နက်ကျည်ကျရောက်ထိမှန်ခဲ့၍ ဇွန်လ (၂၂)ရက်နေ့မှစပြီး ကျောင်းယာယီပိတ်ထားရသည်။ ယင်းနောက် ထိုင်းအာဏာပိုင်များက သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက် လုံခြုံရေးတိုးမြှင့်ချထားသည်ဟု မဲ့ကိုကင်းရွာနေထိုင်သူများက ပြောသည်။
“တနင်္ဂနွေနေ့ညနေကတည်းက ဟိုဘက်မှာဖြစ်ကြတာအကြီးအကျယ်ပဲ။ မဲ့ကိုကင်းကျောင်းက ကုန်းပေါ်မှာဆိုတော့ ပစ်ကွင်းသင့်သလိုဖြစ်နေတာ ပြတင်းပေါက်ကိုကျည်မှန်တယ်လို့ပြောတယ်။ အဲ့ဒီကတည်းက ထိုင်းစစ်သားတွေ ကမ်းနားမှာ တောက်လျှောက်ပဲ။ ကျည်မလွတ်လောက်တဲ့အိမ်တွေကိုလည်း ပြောင်းခိုင်းတယ်။” ဟု မဲ့ကိုကင်းရွာနေ ကျောင်းသားဖခင်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံဘက်ခြမ်း၊ မြဝတီတောင်ပိုင်းဒေသတွင်လည်း စစ်အုပ်စုအင်အားဖြည့်နေကာ လက်နက်ကိုင်တိုက်ပွဲအရှိန်အဟုန် တကျော့ပြန်ပြင်းထန်နေခြင်းကြောင့် ထိုင်းနယ်စပ်နေပြည်သူများ လုံခြုံရေးသတိရှိကြရန် ထိုင်းစစ်တပ်က သတိပေးထုတ်ပြန်ခြင်းရှိသည်။
မင်းလက်ပံရွာ သောင်ရင်းမြစ်ကမ်းစပ်၌ ယာယီစစ်ဘေးရှောင်နေကြသူတချို့မှာလည်း တိုက်ပွဲကြောင့် ဇွန်လ(၂၁)ရက်နေ့ကတည်းက ထိုင်းဘက်ကမ်းသို့ ထပ်မံဝင်ရောက်လာကြသည်ဟု နယ်စပ်သတင်းအရင်းအမြစ်များက ပြောသည်။
မင်းလက်ပံ စစ်ဘေးရှောင်က “ဟိုရက်ကနည်းနည်းငြိမ်နေလို့ မင်းလက်ပံကမ်းနားမှာ ပြန်နေကြတဲ့စစ်ရှောင်မိသားစုတချို့ရှိတယ်။ အခု ဒီဘက်ပြန်ကူးလာကြပြီ။ ထိုင်းဘက်က တစ်နေကုန်ပေးကူးတယ်လေ မိုးချုပ်မှကမ်းပိတ်တာ။ ဘတ်ရိုက်ထားတော့ ဒီဘက်မှာ ကိုယ့်အစီအစဥ်နဲ့ကိုယ်နေရတာပေါ့” ဟု ကေအိုင်စီကို ပြောသည်။
ဖလူး၊ မင်းလက်ပံဒေသတွင် ယခုနှစ်စကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့်စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နယ်မြေရရှိရေးအတွက် စစ်အုပ်စုက အင်အားဖြည့်စစ်ကြောင်းထိုးရာတွင် ဒေသခံလူထုနေထိုင်ရာ ကျေးရွာများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာဘက်ကို မြန်မာဘက်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးနှင့် ဒရုန်းအပါအဝင် ကျည်စများ မကြာခဏကျရောက်ထိမှန်မှုရှိသလို နယ်စပ်နေလူထုလုံခြုံရေးအတွက် ထိုင်းစစ်တပ်ဘက်ကလည်း မြန်မာ လက်နက်ကိုင်များသို့ သတိပေးမှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ခြင်းရှိသည်။



















