အချိန်တန်က အိမ်ပြန်ရမည်ဆိုသော်ငြား
ဇွန်လ ၂ဝရက်နေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်သည်။ စစ်ဘေးစစ်ဒဏ်ကြောင့် နိုင်ငံအစွန်အဖျား၊ နိုင်ငံစပ်ကြား ဒေသများ တွင် ရပ်တည်သက်ရှင်နေသော ဒုက္ခသည်များနှင့် တိုင်းတစ်ပါးတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ရသူများက ထိုနေ့ကို မေ့နိုင် ကြမည်မဟုတ်။ မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ၂၀၁၂ခုနှစ် ကစ၍ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူခဲ့ရာတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒုက္ခသည်များအရေး စီစဉ်ရာတွင် နေရပ်စွန့်ခွာကြသူ(IDPs), ဒုက္ခသည်စခန်းတွင်းမှ ဒုက္ခသည်များ(Refugees) ပြီးလျှင် ရွှေ့ပြောင်းအလုပ်သမားများ(Migrant workers) ဟူ၍ အစဉ်လိုက် ဦးစားပေးကာ လုပ်ဆောင်သွားရမည်ဟု ဆိုခဲ့သည်။
အမေရိကန်၊ ဩစတြေးလျား၊ တောင်အာဖရိက၊ ကင်ညာ အစရှိသော နိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း (၉)ခုတွင် လက်ရှိ မြန်မာဒုက္ခသည်ပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိနေကြောင်း ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မှတ်တမ်းထဲတွင် ဖော်ပြထားသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်စဲရေး လက်မှတ်ထိုး ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပြင် နိုင်ငံ၏အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ လျော့ ကျလာခြင်းများကြောင့် ဒုက္ခသည်အချို့ အလိုလို နေရပ်ပြန်မှုများ ဖြစ်စေခဲ့သည်။
ဒုက္ခသည်များအား နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သက်ပြီး (UNHCR) က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည် များ မူရင်းနေရပ်သို့ ပြန်လည်အခြေချ နေထိုင်ရေးဆိုင်ရာ မဟာဗျူဟာမြောက် လမ်းပြမြေပုံ(၂၀၁၅-၂၀၁၇)ကို အပိုင်းသုံးပိုင်းခွဲ ၍ ယခုနှစ်၊ မတ်လက ပြုစုရေးဆွဲခဲ့သည်။ ထိုအထဲတွင် မြန်မာဒုက္ခသည်များအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ လုံခြုံစိတ်ချ၍ ဂုဏ်သိက္ခာရှိရှိဖြင့် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်ရမည်ဟု ရည်မှန်းထားသကဲ့သို့ UNHCR မှ ပါဝင်ပတ်သက် အထောက်အကူပေးမှုအတွက် စိတ်မှန်းအနာဂတ် ဖြစ်နိုင်ခြေများ၊ စီမံကိန်းရေးဆွဲရေးဆိုင်ရာ အခြေပြုယူဆချက်များ၊ စံသတ် မှတ်ချက်များနှင့် ပတ်သက်မှုအတွက် မူဘောင်ကိုလည်း ဖော်ပြထားသည်။
UNHCR ၏ လမ်းပြမြေပုံပါ စီမံကိန်းအချက်အလက်များအရ ၂၀၁၄ခုနှစ်တွင် ဒုက္ခသည်များ မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်း (၅၀၀၀)ဝန်းကျင်၊ ၂၀၁၅ခုနှစ်တွင် မိမိဆန္ဒအလျောက် နေရပ်ပြန်သူများမှာ (၁၀,၀၀၀)ဖြစ်၍ UNHCR အထောက်အကူဖြင့် အစု လိုက်နေရပ်ပြန်ခြင်းမှာ (၁၀,၀၀၀)မှ (၂၀,၀၀၀)ဖြစ်ကြောင်း ဆိုထားသည်။ ၎င်းအပြင် ၂၀၁၆ခုနှစ်အတွင်း UNHCR ၏ စေ့ဆော် အားပေးကူညီမှုဖြင့် နေရပ်ပြန်ခြင်းသည် (၄၅,၀၀၀)အထိဖြစ်ပြီး မိမိဆန္ဒအလျောက် ကောက်ကာငင်ကာ ပြန်ခြင်းမှာ (၅,၀၀၀) ဦးဖြစ်သည်ဟု ခန့်မှန်းထားကြသည်။
အလားတူ ကရင်လူမှုအခြေပြု အဖွဲ့အစည်းများ၏ ဒုက္ခသည်များ နေရပ်ပြန်ခြင်းနှင့် နေရာပြန်လည်ချထားရေးအပေါ် သဘော ထားရပ်တည်ချက်၌ “Return” ဆိုသည့် နေရပ်ပြန်ခြင်းကို ဒုက္ခသည်များကိုယ်တိုင် မိမိတို့၏ဆန္ဒအရ နေရပ်ပြန်ခြင်း အစီအစဉ် တစ်လျှောက်လုံး၌ ဆုံးဖြတ်ချက်ချခြင်း၊ ကိုယ်တိုင်ပူးပေါင်းပါဝင်နိုင်ခြင်းဟူ၍လည်းကောင်း၊ ပြန်လည်နေရာချထားခြင်း “Repa-triation”ကိုမူ ဒုက္ခသည်များကိုယ်တိုင် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် ပါဝင်မှုမရှိခြင်းနှင့် မိမိတို့အတွက် အခြားရွေးချယ်စ ရာ နည်းလမ်းမရှိခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
လတ်တလောတွင် ဒုက္ခသည်စခန်း၌ စားနပ်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း၊ အိမ်သုံးပစ္စည်း အကူအညီများ လျှော့ခံရခြင်း၊ ပညာ ရေး၊ ကျန်းမာရေး ထောက်ပံ့ကူညီမှုများ လျော့နည်းလာခြင်းများမှာလည်း ဒုက္ခသည်များ၏ နေ့တဓူဝ ရပ်တည်ရေးကို ခြိမ်း ခြောက်လာစေပြီး အခြေအနေမှန်အပေါ် အချိန်ယူ သုံးသပ်နိုင်မှုအားနည်းလာကာ မိမိတို့သဘောဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရန် သိမ်မွေ့နက်နဲသော တွန်းအားတစ်ခု ဖြစ်လာသည်။ (Ordinary people living through extraordinary time) “ထူးခြားသော အချိန်ကာလတွင် အသက်ရှင်နေထိုင်ရသော သာမန်လူသား”ဆိုသည့် ယခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ ဆောင်ပုဒ်အရ ဒုက္ခ သည်များမှာ အနေခက်၊ အပြန်ခက် ဖြစ်နေရသည်။ သို့သော် မတိတ်ဆိတ်သေးသော တိုက်ပွဲသံအချို့နှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများ၊ မရှင်းလင်းရသေးသော မိုင်းမြှုပ်ထားသည့်နေရာများ၊ အသက်မွေးဝမ်းကျောင်းမှုနှင့်အတူ ဥပဒေအရ လုံလောက် သော မြေနေရာပိုင်ဆိုင်မှုများ မရှိခြင်းနှင့် လူလူချင်း ခွဲခြားဖိနှိပ်ဆက်ဆံမှုများ ရှိသေးသရွေ့ ဒုက္ခသည်များ အချိန်တန် အိမ်ပြန်ရ မည့်အရေး ဆိုးကျိုးသက်ရောက်မှု နည်းနိုင်သမျှနည်းအောင် အားလုံးက ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါသည်။



















