မေ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အာဏာခွဲဝေအုပ်ချုပ်မှုဆိုင်ရာ ကျန်းမာရေးစနစ်အတွက် ပြည့်စုံသော ပဏာမကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပါဝင်သော အစည်းအဝေးတစ်ရပ်ကို ကျန်းမာရေးဆိုင်ရာ ဆုံချက်ရယူနိုင်ရေး အစုအဖွဲ့(Health Convergence Core Group-HCCG)က ဦးစီး၍ မေလ ၁၄ရက်နှင့် ၁၅ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့(Queen Palace)ဟိုတယ်၌ ပြုလုပ်ကျင်းပခဲ့သည်။
ယင်းသို့ မြှင့်တင်အားပေးရာ၌ ဖက်ဒရယ်စနစ်သို့ ပြုပြင်ပြောင်းလဲမှုမတိုင်မီ ယခုကြားကာလတွင် ပြည့်စုံသော ပဏာမ ကျန်းမာ ရေးစောင့်ရှောက်မှုပုံစံကို ဆက်လက်ထိန်းသိမ်းကာ တိုးချဲ့လုပ်ဆောင်သွားရန် ရည်ရွယ်ထားပြီး အုပ်ချုပ်ရေး ရောနှောနေသည့် ဒေသများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းများ ဩဇာသက်ရောက်ရာ နယ်မြေများအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း HCCG က ပြောသည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီ(KnMHC) ညွန်ကြားရေးမှူး ကိုဖီးလစ်က “HCCG အနေနဲ့ အခု ကြားကာလမှာ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ရည်မှန်းထားတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစနစ်နဲ့ လိုက်လျောညီထွေတဲ့ ကျန်းမာရေးစနစ်တစ်ရပ် ဖြစ်ပေါ်လာအောင် မြှင့်တင်လုပ်ဆောင်သွားဖို့ ရှိ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ HCCG ၏ လုပ်ငန်းပိုင်းဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်သည့်နေရာ၌ အဖွဲ့အချင်းချင်းအကြား ဆက်သွယ်လုပ်ဆောင် မှု (Communication) အခက်အခဲကြုံတွေ့ရမှုများရှိနေပြီး တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေး ပွဲ ကျင်းပသည့်အခါ ဖက်ဒရယ်ဆန်သည့် HCCG ၏ ကျန်းမာရေးစနစ်ကို ထည့်သွင်းဆွေးနွေးရန် တိုက်တွန်းကြောင်းလည်း ကိုဖီးလစ်က ဆက်ပြောသည်။
အစည်းအဝေးပွဲတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ(EHO)နှင့် လူထုအခြေပြုကျန်းမာရေးအဖွဲ့အစည်းများ (EBHO) တို့ဖြင့် ဖွဲ့စည်းထားသော HCCG အဖွဲ့ဝင်များဖြစ်ကြသည့် BMA, BPHWT, KDHW, MAE TAO(Clinic), CPAC, MNHC, KnMHC, SSDF စသည်တို့အပြင် HCCG အား ထောက်ပံ့ကူညီပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)မှ ကိုယ်စား လှယ်များ အပါအဝင် စုစုပေါင်း ၇ဝခန့် တက်ရောက်ခဲ့ကြသည်။
HCCG ၏ ဦးဆောင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ စောနေထူးက “ကျနော်တို့အနေနဲ့ အစည်းအဝေးမှာ HCCG ရဲ့ လုပ်ငန်းစဉ်တစ် ခုလုံးကို သုံးသပ်ဆွေးနွေးတယ်။ နောက်ပြီး ကျနော်တို့ရဲ့ အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်း၊ ခြိမ်းခြောက်မှုတွေကို အသားပေးဆွေးနွေးပြီးတော့ လာမယ့်အချိန်တွေမှာ အနာဂတ် ရှေ့လုပ်ငန်းစဉ်တွေအတွက် စီစဉ်ဆောင်ရွက်တာမျိုး ဆွေးနွေး တယ်’’ဟု ကေအိုင်စီသို့ ပြောသည်။
ထိုအစည်းအဝေးတွင် HCCG ၏ ချမှတ်ထားသော မူ(၉)ချက်အပေါ် အခြေခံ၍ ပြန်လည်ဆွေနွေးသုံးသပ်မှုများနှင့် ပြုပြင်ပြောင်း လဲသင့်သည်များကို ဆုံးဖြတ်ခဲ့ကြပြီး HCCG အဖွဲ့ဝင်များ၏ ပြည်နယ်များအတွင်း ရှုတ်ထွေးသော ကျန်းမာရေးစီမံကိန်းများကို ရှင်းရှင်းလင်းလင်းသိနိုင်ရန် အနာဂတ်အတွက် သွားရမည့် ကျန်းမာရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ(Ethnic Health Organization-EHO) နှင့် လူထုအခြေပြုကျန်းမာရေး အဖွဲ့အစည်း များ(Community Based Health Organization-CBHO)များ စုပေါင်း၍ HCCG ကို ၂၀၁၂ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့ပြီး ယခု ကျင်းပသည့် အစည်းအဝေးမှာ ၎င်းတို့၏ (၆)ကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း သိရသည်။