Home သတင်း လူသောမြို့နယ်၊ ကျမ်းစာသင်ကျောင်းပေါ် ဒရုန်းတိုက်ခိုက်ခံရ၊ ကျောင်းသူ (၃) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရ

လူသောမြို့နယ်၊ ကျမ်းစာသင်ကျောင်းပေါ် ဒရုန်းတိုက်ခိုက်ခံရ၊ ကျောင်းသူ (၃) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရ

9
Photo: North Now

နိုဝင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ပေးကင်း‌ကျေးရွာ အုပ်စုရှိ ဒေ့ဘူနို့နှင့် လယ်နာဒဲကျေးရွာသို့ ယမန်နေ့ (နိုဝင်ဘာ ၃ ရက်) တွင် စစ်အုပ်စုက လေယာဥ်နှင့် ဒရုန်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ဒေ့ဘူနို့ရွာ၊ ခရစ်ယာန်ကျမ်းစာသင်ကျောင်းရှိ ကျောင်းသူ (၃) ဦး သေဆုံးပြီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။

ယမန်နေ့၊ ညနေ ၃ နာရီကျော်အချိန်တွင် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးသီး (၁၀) ကြိမ်ခန့် လာရောက်ကြဲချခဲ့ပြီးနောက် ဒရုန်းများဖြင့် တစ်နာရီဝန်းကျင်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခရစ်ယာန်ကျမ်းစာသင်ကျောင်းထဲရှိ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၉) ဦး ထိခိုက်ခဲ့ပြီး ၎င်းတို့အနက် ကျောင်းသူ (၃) ဦး သေဆုံးသွားသည်ဟု ကေအဲန်ယူ တပ်မဟာ(၅) ဘက်က ပြောသည်။

“စစချင်း မှာ ဂျက်လေယာဉ်နဲ့ လာပစ်တာ အလုံး ၁၀ ကျော်တယ်။ ခဏနေကျတော့ ဒရုန်းတွေ တက်လာပြီး တစ်နာရီဝန်းကျင်လောက် ပစ်တယ်။ ဒရုန်းတစ်စင်းက ကျမ်းစာသင်ကျောင်းကို ထိတာ။ ဒရုန်းက အပေါ်ကနေ ပေါက်ကွဲပြီး အခုလို အများကြီးထိတာ” ဟု ကေအဲန်ယူ၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ပြောသည်။

Photo: North Now

ဒေသခံများပြောပြချက်အရ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့်ကျောင်းသူ၊ ကျောင်းသားများတွင် ကျောင်းသူ(၂)ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်။ ကျန် ကျောင်းသူတစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိထား၍ ဆေးကုသရန်ပို့ဆောင်စဥ် လမ်းခုလတ်တွင် သေဆုံးသွားကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ဒေ့ဘူနို့ရွာဘက်မှာ လေယာဉ်က ဗုံးသီးတွေ ၁၀ ခေါက်လောက် လာကြဲတာ၊ ပြီးတာနဲ့ ဒရုန်းတွေနဲ့ ဆက်တိုက်ပတ်ပြီးတော့ ထပ်လာကြဲတယ်။ လယ်နာဒဲကျေးရွာထဲကို ဒရုန်းသီးတွေ ကျတာ” ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက်နေ့တွင်လည်း စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံလွင်မြစ်နံဘေးရှိ မယ်နုထာ ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် (၁) ဦးသေဆုံးပြီး (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

တပ်မဟာ(၅)နယ်မြေတွင် စစ်အုပ်စုသည် ဖာပွန်မြို့နှင့် ၎င်းတို့တပ်စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် မေလကတည်းက ထိုးစစ်ဆင်လာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ရာ တဖက်တွင်လည်း လူထုရှိနေသည့်ကျေးရွာများကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်း၊ ရွာမီးရှို့ခြင်းတို့လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။