Home သတင်း နော်ဘူဘောဆုတောင်းတောင်ရောက် ခရီးသွားများ စည်းကမ်းလိုက်နာကြရန် ဘာသာရေးခေါင်းဆောင်နှင့် ဒေသခံများ မေတ္တာရပ်ခံ

နော်ဘူဘောဆုတောင်းတောင်ရောက် ခရီးသွားများ စည်းကမ်းလိုက်နာကြရန် ဘာသာရေးခေါင်းဆောင်နှင့် ဒေသခံများ မေတ္တာရပ်ခံ

6

နိုဝင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ နော်ဘူဘောဆုတောင်းတောင်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန် ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံများက မေတ္တာရပ်ခံနေကြသည်။

အာဏာသိမ်းကာစက နယ်မြေတွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် လာရောက်လည်ပတ်သူမရှိသလောက် နည်းပါးသွားသည့် နော်ဘူဘောဆုတောင်းတောင်တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားဧည့်သည်များ ပြန်လည်စည်ကားလာသော်လည်း အချို့မှာ ချမှတ်ထားသည့်စည်းကမ်းများကို လိုက်နာမှုအားနည်းနေခြင်းဖြစ်သည်။

ထိုအထဲတွင် အတို၊ အပြတ်များ ဝတ်ဆင်၍ ဆုတောင်းတောင်ပေါ်သို့ တက်ရောက်ခြင်း၊ သမီးရည်စားစုံတွဲများ မဖွယ်မရာပြုလုပ်ခြင်းနှင့် အမှိုက်များကို စနစ်တကျမစွန့်ပစ်ခြင်းတို့ဖြင့် နေရာဒေသ၏တန်ဖိုးကို ထိခိုက်စေသည့် အပြုအမူများ ကျုးလွန်နေခြင်းကြောင့် စည်းကမ်းလိုက်နာကြရန် ဒေသခံများနှင့် ဘာသာရေးခေါင်းဆောင်များက မေတ္တာရပ်ခံသည်။

“အထူးသဖြင့် အတူလာကြတဲ့ အတွဲတွေအနေနဲ့ မဖွယ်မရာ အပြုအမူတွေ မပြုလုပ်ကြဖို့နဲ့ မူးယစ်သောက်စားတာတွေ မလုပ်ကြဘဲ ဘုရားဝတ်ပြုရာ နေရာတစ်ခုအဖြစ် သတ်မှတ်ပြီး ရိုသေလေးစားပေးကြပါ” ဟု သံတောင်ကြီးမြို့နယ်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများအမြတ်တနိုးတန်ဖိုးထားသည့်နေရာတွင် လိုက်နာရန်ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို ကျူးလွန်ခြင်းသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို စော်ကားရုံသာမက ဘာသာရေးကိုပါ မလေးစားရာ ရောက်သည့် အပြုအမူဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း နော်ဘူဘောတောင်ပေါ်တက်၍ သမီးရည်စားစုံတွဲအချို့ နမ်းရှုံ့နေသည့် ဓာတ်ပုံနှင့်ရုပ်သံမှတ်တမ်းများ လူမှုကွန်ရက်တွင်ထွက်ပေါ်လာပြီး ဒေသခံများအကြား ဝေဖန်ထောက်ပြစရာဖြစ်ခဲ့သည်။

ဘာသာရေးခေါင်းဆောင်တစ်ဦးက “လူငယ်တွေကို လမ်းမှားမရောက်စေချင်ဘူး။ ဘာမှမဟုတ်တဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပုံလေးတစ်ပုံကြောင့် လူတွေ၊ မိဘတွေ အထင်အမြင်မှားစေနိုင်တယ်ဆိုတာ သတိပြုပေးပါ” ဟု မှတ်ချက်ပေးသည်။

ခရီးသွားဧည့်သည်များအနေဖြင့် ဆုတောင်းဝတ်ပြုခြင်းနှင့် သဘာဝရှုခင်းများ ခံစားခြင်းအပြင် ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့်ဒေသအတွက် အထောက်အကူဖြစ်စေမည့် အကြံဉာဏ်ကောင်းများကိုပါ ပေးကြရန် ဒေသခံများက ဖိတ်ခေါ်ထားသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄,၅၀၀ ကျော်မြင့်သည့် နော်ဘူဘော်ဆုတောင်းတောင်သည် ဒေသခံကရင်အသိုင်းအဝိုင်းက လေးစားတန်ဖိုးထားသည့် အထင်ကရ ဘာသာရေးနေရာတစ်ခုဖြစ်သလို တောင်တန်းမြင်ကွင်းနှင့်တိမ်ပင်လယ်ကြောင့် နိုင်ငံခြားသားများအပါအဝင် ပြည်တွင်းခရီးသွားများအကြားတွင်လည်း ထင်ရှားလျက်ရှိသည်။