(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ မေလ ၁၇ရက်)
အားလုံး၏ (ဥပဒေတွင်း/ ဥပဒေအတိုက်အခံ နိုင်ငံရေးပါတီများ/ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ) ဘုံဦးတည်ချက်မှာ “စံနှုန်းပြည့် ဝသော ပါတီစုံ ဒီမိုကရေစီစနစ်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထာင်စု”ပင် ဖြစ်ပါသည်။ ထိုဘုံဦးတည်ချက်သို့ မိမိရွေးချယ်ထားသော နည်းလမ်း အသွယ်သွယ်မှ ချီတက်လျှောက်လှမ်းကြသောအခါ အားလုံးရင်ဆိုင်ကြုံတွေ့နေရသည့် ဘုံအတားအဆီး အနှောက်အယှက်မှာလည်း “၂၀၀၈ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေဆိုး”များပင် ဖြစ်နေပါသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘုံအတားအဆီး အနှောက်အယှက်များကို အားလုံး၏ သွေးစည်းညီညွတ်မှုဖြင့် ကျော်လွှားနိုင်မှသာ ဘုံဦး တည်ချက်သို့ ဖြောင့်ဖြောင့်တန်းတန်း ခရီးဆက်နိုင်မှာလည်း ဖြစ်သည်။ သို့ပါ၍ အင်အားစုများအကြား ညီညွတ်ရေးသည် သော့ချက်ကျ သောကိစ္စ ဖြစ်ပါသည်။ သူတမျိုးငါတဖုံ တကွဲတပြားစီ ချီတက်နေကြမည်ဆိုလျှင် လိုရာခရီးပန်းတိုင်သို့ ဘယ်သောအခါမျှ ရောက်လိမ့်မည် မဟုတ်ချေ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ “ပန်ဆန်းအစည်းအဝေး” ရလဒ်သည် ရှေ့ဆက်တိုးချဲ့ ခိုင်မာစေသင့်သော ညီညွတ် ရေးခြေလှမ်းတစ်ခု ဖြစ်ပါသည်။
ဥပဒေတွင်း အတိုက်အခံ နိုင်ငံရေးပါတီများအတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့လိုသည်။ တိုင်းရင်းသား လက်နက်အင်အားစုများဘက်မှာလည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိရေးအတွက်ဆိုလျှင် နိုင်ငံရေးအရ ဆွေးနွေးရမည် သာဖြစ်သည်။ သို့ပါ၍ ပြဿနာဖြေရှင်းရေး၏ သော့ချက်သည် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်နေပြန်ပါသည်။
နိုင်ငံရေးဆွေးနွေးပွဲဆိုသည်မှာ ဟန်ပြဆွေးနွေးပွဲမျိုး မဖြစ်စေရ။ အချိန်ဆွဲရေးနှင့် အတိုက်အခံ အင်အားစုများအကြား သွေးကွဲအစည်းပြေရေး ကို ရည်ရွယ်ထားသည့်လူများ ပွဲမစည် မိနစ်ပိုင်းမျှ အလှည့်ကျ စကားပြောခွင့်ရသည့် စကားဝိုင်းမျိုးလည်း မဟုတ်ပါ။ နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်အင်အားစုများ၊ အုပ်စိုးသူအစိုးရတို့ တန်းတူရည်တူ ဒီမိုကရေစီနည်းကျ ဆွေးနွေးနိုင်ဆုံး ဖြတ်ချက်ချနိုင်သည့် တကယ့် နိုင်ငံရေးဆွေးနွေးပွဲမျိုး ဖြစ်ရမည်။
လက်တွေ့၌ လွှတ်တော်တွင်း အတိုက်အခံပါတီများ၏ အခြေခံဥပဒေပြင်ဆင်ရေးသည် ရှေ့ဆက်တိုး၍ မရနိုင်ဘဲဖြစ်နေသည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဆန္ဒခံယူပွဲဥပဒေ မထွက်သေး။ ထို့အပြင် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ၂ခုစလုံး တပြိုင်နက်ပြုလုပ်ရန် အခက်အခဲရှိ ကြောင်း ထုတ်ဖော်ပြောဆိုနေသည်။ ဤသည်မှာ တမင်အချိန်ကပ်အောင် အချိန်ဆွဲလာခဲ့ပြီး ညစ်ပတ်သည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ တစ်ဖက်မှ “ဆန္ဒခံယူပွဲဥပဒေ မထွက်သေး”ဟူ၍ အကြောင်းပြချက် ပေးထားသည်မှာလည်း အကွက်ဆင်၍ ဟပေးထားသည့် ညစ်ကွက်တစ်ခု ဖြစ်ပါသည်။ ထိုအချက်ကို ရှင်းပြပါမည်။
“ဆန္ဒခံယူပွဲဥပဒေ မထွက်သေး” ဆိုသည့်အကြောင်းပြချက်မှာ ပြည်ထောင်စုလွှတ်တော်နာယက စိတ်ကြိုက် ကန်သွင်းနိုင်စေရန် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက အကွက်ဆင်ဖန်တီးပေးလိုက်သော ဘောလုံးဖြစ်ပါသည်။ လွှတ်တော်နာယကကြီး၏အစွမ်းဖြင့် “ဆန္ဒခံယူပွဲဥပဒေ” အချိန်မီ ထွက်ပေါ်လာခဲ့လျှင် “ဆန္ဒခံယူပွဲ” ပြုလုပ်မည် ထင်ပါသလော။ မထင်ပါ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဓိက ပြောလိုသောအချက် မှာ ရွေးကောက်ပွဲသာပြုလုပ်မည်။ ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်နိုင်ဟူသည့်အချက် ဖြစ်ပါသည်။
သို့ဆိုလျှင် လွှတ်တော်နာယကကြီး လက်နဲ့ရေးထားတာကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ခြေနဲ့ဖျက်သလို ဖြစ်မနေဘူးလို့ မေးစရာ၊ တွေး စရာ ရှိပါသည်။ မဖြစ်ပါ။ စဉ်းစားကြည့်ရမည့်အချက်မှာ ပုဒ်မ ၄၃၆ ဖြစ်ပါသည်။
ပုဒ်မ ၄၃၆(က)တွင် ၂၀၀၈ အခြေခံဥပဒေပါ အခန်း (၈)ခန်းမှ၊ ပုဒ်ပေါင်း (၉၅)ခုကို စုစည်းဖော်ပြထားပါသည်။ ထိုပုဒ်မပေါင်း (၉၅)ကို ပြင်ဆင် လိုလျှင် တနည်းအားဖြင့် ပုဒ်မ ၄၃၆(က) ပြင်မည်ဆိုလျှင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင် ရန် သဘောတူလက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် မဲဆန္ဒဖြင့်သာပြင်ဆင်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။
သို့ပါ၍ အထက်ပါအချက်ကို အတိုချုပ် ပြန်ရေးပြရမည်ဆိုလျှင် ပုဒ်မ ၄၃၆(က) ပြင်မည်ဆိုလျှင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အား လုံး၏ ၇၅% + ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ”ဟူ၍ ဖြစ်ပါသည်။
သို့သော်လည်း ပုဒ်မ ၄၃၆(ခ)ကို ပြင်ဆင်လိုလျှင်မူ “ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဟု ၂၀၀၈ အခြေခံဥပဒေ၌ ပြဋ္ဌာန်း ထားပါသည်။
ဤအချက်၏ အနှစ်ချုပ်သဘောမှာ ပုဒ်မ ၄၃၆(က)တွင် သတ်မှတ်ဖော်ပြထားသော ပုဒ်မပေါင်း (၉၅)ခုမှအပ ကျန်ပုဒ်မပေါင်း (၃၆၂)ခုကို ပြင် ဆင်လိုလျှင်မူ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်” ပြင်ဆင်နိုင်မည်ဖြစ်သည်။ ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်စရာမလိုချေ။
နာယကကြီးအနေဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကိုမူ အတည်ပြုပြဋ္ဌာန်းပေးလိုက်မည်။ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တင်ပြသည့် “ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲ” တပြိုင်နက် မလုပ်နိုင်သည်ကို အကြောင်းပြချက်ခိုင်လုံသော၊ ယုတ္တိတန်သောအချက်အဖြစ် ဝမ်း ပန်းတသာလက်ခံပြီး အခြားတစ်ဖက်က ၂၀၁၅ ရွေးကောက်ပွဲကို ကတိအတိုင်းပြုလုပ်ကာ (ဆန္ဒခံယူပွဲ လုပ်စရာမလိုသည့်) ပုဒ်မ ၄၃၆ (ခ)မှ ပြင်ဆင်သင့်သည့်ပုဒ်မအချို့ကို ရက်ရက်ရောရော ပြင်ဆင်ပေးခြင်းဖြင့် အတိုက်အခံများကို အချိုသပ်နိုင်ပေလိမ့်မည်။ အတိုက်အခံဘက်မှ ပြင် ဆင်ပေးရန် တောင်းဆိုနေကြသည့် ပုဒ်များအနက် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ(၄၃၆)တို့ကဲ့သို့ သော့ချက်ကျသည့် ပုဒ်မများကိုလည်း လောလော ဆယ် ပြင်ဆင်ပေးစရာ မလိုတော့ချေ။
သို့ဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတင်ပြသော “အခက်အခဲ”သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အတွက် တွက်ခြေကိုက်သော အခက်အခဲ၊ နှစ်လိုဖွယ်အခက်အခဲ ဖြစ်နေပါတော့သည်။
ရွေးကောက်ပွဲကော်မရှင်၏ အခက်အခဲကို လွှတ်တော်တွင် တင်ပြသည့်အခါ မည်သို့သောတုန့်ပြန်မှုများကို ကြားရမည်နည်း။ ကြံ့ဖွံ့ပါတီကိုယ် စားလှယ်များ၏ အစွန်းထွက်ပင်မရှိသော အတိုက်အခံအမတ်များသည် ကန့်ကွက်ခြင်းမှတပါး အခြားလုပ်စရာလမ်းမမြင်ပါ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ တင်ပြချက်သည် အခြေအနေ၊ အချိန်အခါ၊ ပယောဂနှင့် ကိုက်ညီသဖြင့် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ တညီတညွတ်တည်း လက်ခံကြောင်း ဆုံးဖြတ်ချက်ထွက်မလာလျှင် ကံကောင်းသေးသည်ဟု ပြောရမည်ထင်ပါသည်။
ထို့အပြင် ရွေးကောက်ပွဲမလုပ်မီ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရမည်၊ အခြေခံဥပဒေပြင်ဆင်ခြင်းမပြုဘဲ ရွေးကောက်ပွဲပြုလုပ်လျှင် လွတ်လပ် ချင် လွတ်လပ်မည်ဖြစ်သော်လည်း တရားမျှတမည်မဟုတ်။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ယခင် (နဝတ-နအဖ) စစ်အစိုးရ လက်ထက်က ထိပ်သီးစစ်ဗိုလ်ချုပ်ဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ် သည်။ သို့ပါ၍ ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည် ဖွဲ့စည်းရမည် စသဖြင့် ပြောဆိုထားသည့်အချက်များကို အတိုက်အခံများဘက်က မည်သို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြမည်နည်း။
ဆရာဦးဝင်းတင်စကားဖြင့် မေးရလျှင် “ကုန်းခံမည်လော – ရုန်းကန်မည်လော”။
ဘယ်အချိန်၊ ဘယ်တော့၊ ဘယ်လိုပုံစံဖြင့် ခင်းကျင်းလာမည်ဆိုသည်ကိုပင် ရေရာမှုမရှိသော “၆ပွင့်ဆိုင်ဆွေးနွေးပွဲ”တွင် အဆိုပါကိစ္စများကို ဆွေးနွေးဆုံးဖြတ်နိုင်ပါမည်လော။ ၆ပွင့်ဆိုင်ကို အင်အားအထားအသိုအရ ခွဲခြားကြည့်လျှင် ၄ပွင့် ၂ပွင့်ဖြစ်နေပါသည်။ သဘောထား အဆုံးအ ဖြတ် ယူကြသည့်အခါ အမြဲတမ်း ရှုံးနေပြီးသားဖြစ်ပါသည်။
ထို့အပြင် ၂ပွင့်အနက် ဒေါ်အောင်ဆန်းစုကြည်မှအပ ဖြစ်သော “တိုင်းရင်းသားတပွင့်” ဖြစ်သည့် ဒေါက်တာအေးမောင်မှာ “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက် (Deed of Commitment)”တွင် အခြား(UNA) အဖွဲ့ဝင်များနှင့်အတူ မရပ်တည်ဘဲ ဖောက် ထွက်ကာ တစ်ကိုယ်တော် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် (ANP) ပါတီမှ ဥက္ကဋ္ဌကြီးဖြစ်သည်ကိုလည်း သတိပြုမိပါသည်။ သို့ပါ၍ “၆ပွင့်ဆိုင်” သည်လည်း တန်းတူသော၊ မျှတသော နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းမဟုတ်သည်ကို အထင်အရှားတွေ့ မြင်နိုင်ပါသည်။ တန်းတူမျှတ သော နိုင်ငံရေးအခင်းအကျင်းမရှိလျှင် တန်းတူမျှတသော နိုင်ငံရေးရလဒ် မထွက်ပေါ်နိုင်ပါ။ မရရှိနိုင်ပါ။
(NLD) ပါတီဥက္ကဋ္ဌက (မေ ၁၆ရက်) သထုံ၌ ပြောကြားရာတွင် “ဒါပေမယ့် ရွေးကောက်ပွဲနိုင်တာကို ရွေးမလား/ တိုင်းပြည်အတွက် မှန်တဲ့လမ်း ကို ရွေးမလား။ တိုင်းပြည်အတွက် မှန်တဲ့လမ်းကိုရွေးမယ်”ဟု ပြောဆိုသွားပါသည်။
ရွေးကောက်ပွဲနိုင်ခြင်း/ရှုံးခြင်းဆိုသည်မှာ တစ်ခဏတာကိစ္စ ဖြစ်ပါသည်။ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံ ပြည်သူများအတွက် မှန်ကန်သောလမ်းကို သာ ညွန်ပြသပေးပါ။ ပြည်သူများသည် လူထုခေါင်းဆောင်ညွန်ပြသည့် မှန်ကန်သောလမ်းကို တက်ကြွစွာ လိုက်ပါလျှောက်လှမ်းကြလိမ့်မည် ဟု မမှိတ်မသုန် ယုံကြည်ပါကြောင်း။
ကိုးကား
– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
– ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြားချက် (DVB-TV) သတင်း (၁၅-၅-၂၀၁၅)
– ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း၊ သထုံမြို့၊ မွန်ပြည်နယ်၊ (DVB-TV) သတင်း (၁၆-၅-၂၀၁၅)