မတ်လ ၆ရက်၊၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြိုလှုံ့ဆော် ဖျော်ဖြေပွဲ ကို မြန်မာနိုင်ငံ အနုပညာရှင်များအဖွဲ့မှ မတ်လ ၆ မှ ၇ ရက်နေ့အထိ ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်မည် ဟု သိရသည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ရွေဇင်ထိုက် ဦးဆောင်သည့် ဇီးသီး၊ စိန်သီး၊ ပန်းသီးနှင့် အိမ့်ချစ် အဖွဲ့သည် ကရင်ပြည်နယ်တွင် (၄) နေရာဖျော်ဖြေသွားမည်ဖြစ်ပြီး ပထမရက်နေ့တွင် မြဝတီနှင့် ဒုတိယ ရက်နေ့တွင် ကော့ကရိတ်၊ ကျုံဒိုး၊ ဖားအံတို့သို့ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအတွက် လိုက်လံဆောင်ရွက်ပေးသူ ကရင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထိန်ဝင်းက ပြောသည်။
ဦးထိန်ဝင်းက “ဒီလှုပ်ဆော်မှုမှာ အဓိကတော့ သန်းခေါင်းစာရင်းနဲ့ပတ်သက်ပြီး ပြည်သူတွေ မှန်မှန်ကန်ကန် ဖြေဖိုု့၊ နားလည်သိရှိဖို့၊ နောက်ပြီး ပြည်သူတွေ စိတ်ပါဝင်စားမှုရှိဖို့ သက်ဆိုင်ရာကျနော်တိုု့ အနုပညာရှင်တွေ အနေနဲ့ သရုပ်ဖော်တာတွေ ဉာဏ်စမ်းပဟေဋ္ဌိ မေးခွန်းမေးတာတွေ လက်ဆောင်ပစ္စည်းပေးအပ်တာတွေ ပါမယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် သန်းခေါင်းစာရင်းအကြိုလှုပ်ဆော်ဖျော်ဖြေမှုသည် မြန်မာနိုင်ငံကို အထက်မြန်မာပြည်နှင့် အောက် မြန်ပြည်ဟူ၍ နှစ်ပိုင်းခွဲထားပြီး အောက်မြန်မာပြည်တွင် မတ်လ ၁ ရက်နေ့မှစ၍ မြို့နယ် ၇ဝ ကို သွားရောက်ဖျော်ဖြေလျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး (KWEG)အဖွဲ့မှ နိုင်ငံသားစွမ်းရေးမြင်တင်ရေး မန်နေဂျာ နော်စုစုလှိုင်က “ဒီအနုပညာရှင်အဖွဲ့ကနေပြီးတော့ သန်းခေါင်စာရင်း အကြိုလှုံ့ဆော်ဖျော်ဖြေပွဲလုပ်တာ ကျမအထင်တော့ သူတို့ကားနဲ့သွားမယ်ဆိုတော့ ကားစီးလို့ရမယ့် နေရာအထိပဲ ရောက်မယ်ထင်တယ်”ဟု ပြောသည်။
လက်ရှိတွင် အနုပညာရှင်များမှ သန်းခေါင်းစာရင်းနှင့် ပတ်သက်သည့် အကြိုလှုံ့ဆော်ဖျော်ဖြေမှုများ ပြုလုပ် လျှက်ရှိသလို တိုင်းရင်းသားဒေသအသီးသီးတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများက သန်းခေါင် စာရင်းနှင့် ပတ်သက်၍ ဗဟုသုတဆိုင်ရာ အသိပညာပေးမှုများကို လိုက်လံဆောင်ရွက်လျှက်ရှိသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ပြီးခဲ့သည့် ၁၉၇၃ ခုနှစ်တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တစ်ကြိမ် ကောက် ယူခဲ့ပြီး ယခုတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်းတွင် မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈၊ ကျေးရွာပေါင်း ၆၄၃၄၆ နှင့် အိမ်ထောင်စု ပေါင်း ၁၁ သန်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။