ခိုင်မာကျော်ဇော
အဖွားရယ်…
နင်ဘယ်သွားသွား ချန်မထားနဲ့
နင်ဘယ်ပြေးပြေး ငါလိုက်ပြေးမယ်
နင်ငတ်သေလည်း ငါလိုက်သေမယ်
စစ်သားကြီးကို ငါကြောက်တယ်။
အဖွားရယ်…
ငါတို့ အိမ်မှာ နေချင်ပါတယ်
ဒါပေမယ့်လည်း
မနေရဲဘူး၊
စစ်သားကြီးကို ငါကြောက်တယ်၊
ငါတို့ ပညာသင်ချင်ပါတယ်
ဒါပေမယ့်လည်း
ငါတို့ကျောင်းကို မသွားရဲဘူး၊
စစ်သားကြီးကို ငါကြောက်တယ်။
ငါတို့တောင်ယာ မဝေးပါဘူး၊
ဒါပေမယ့်လည်း
မသွားရဲဘူး၊
စစ်သားကြီးကို ငါကြောက်တယ်၊
ငါတို့ နွားကို သူဆွဲသွားတာ ငါမြင်ပါတယ်၊
ဒါပေမယ့်လည်း
မပြောရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ငါ့မိဘကို သူနှိပ်စက်တာ ငါမြင်ပါတယ်၊
ဒါပေမယ့်လည်း
မအော်ရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ငါ့မိဘကို သူတို့ သတ်တာ ငါမြင်ပါတယ်
ဒါပေမယ့်လည်း
မငိုရဲဘူး
စစ်သားကြီးကို ငါကြောက်တယ်။
ဟိုမှာ… ဟိုမှာ…
စစ်သားကြီးတွေ
သေနတ်တွေနဲ့
ငါတို့ရှိရာ လာနေကြပြီ
ငါ့ကို ချစ်ရင် ဖက်ထားပေးပါ
စစ်သားကြီးကို ကြောက်လို့ပါ
စစ်သားကြီးကို ကြောက်လို့ပါ
စစ်သားကြီးကို ကြောက်လို့ပါ။
(ဇွန်လ ၁၅ရက်။ ၂၀၀၉)