Home ကဗျာ နံရံပေါ်က ပြက္ခဒိန် | မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)

နံရံပေါ်က ပြက္ခဒိန် | မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)

11

နံရံပေါ်က ပြက္ခဒိန်

မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)

(၈.၁၀.၂၀၂၆)

…………………………..
လွတ်နေတဲ့ စာကြည့်စားပွဲပေါ်ကို
နံရံပေါ်က ပြက္ခဒိန်က ငုံ့ကြည့်ပြီး
“မင်းအတွက် ငါ့မှာ ကွက်လပ်တွေ သိပ်မရှိတော့ဘူး” တဲ့။

စာကြည့်စားပွဲပေါ်မှာတော့
မနက်မိုးလင်းတာနဲ့
နှင်းဆီနီနီတစ်ပွင့်
အမြဲ အဆင်သင့်ရှိပါတယ်
တစ်ချိန်တုန်းကပေါ့။

စာကြည့်စားပွဲပေါ်မှာတော့
လေးလံလွန်းလို့ ထမ်းမနိုင်တဲ့တာဝန်တွေ
ဟိုတစ်စ ဒီတစ်စဆိုပေမဲ့
အမြဲ ဆရာလုပ်တတ်တဲ့ ကဗျာစာမူကြမ်းတွေ
တစ်ခါမှ မတီးရသေးတဲ့
အသံတိတ် ဂီတနုတ်သင်္ကေတတွေ
ဘယ်တော့မှမကုန်တဲ့
အနီရင့်ရင့် အရမ်းဘဝင်မြင့်တဲ့ ကော်ဖီခွက်တွေ
သူတို့ … သူတို့တွေပဲ ပြည့်ကြပ်နေတတ်ပါတယ်
ဒါကလည်း
တစ်ချိန်တုန်းကပါပဲ။

စာကြည့်စားပွဲကသာ
နမော်နမဲ့ နေတတ်လိုက်တာ
ပြက္ခဒိန်က တစ်နေ့ကို တစ်ကွက်
အမြဲ ကြက်ခြေခတ်လျက်ပဲ။

ပြက္ခဒိန်ကလည်း ပြက္ခဒိန်လေ
ငုံ့ငုံ့ပြီး ကြည့်တယ်
စာကြည့်စားပွဲကလည်း စာကြည့်စားပွဲလေ
မော့မော့ပြီး ကြည့်ရတာပေါ့။

“ကျန်နေတဲ့ ကွက်လပ်ကလေးတွေ
ဘယ်လောက်ရှိသေးလဲ”
စာကြည့်စားပွဲက မော့ကြည့်ပြီးမေးတယ်
ပြက္ခဒိန်က ပြန်ပြီးငုံ့ကြည့်ရုံလေးပါပဲ။