Home သတင်း NUCC တွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဒီမိုကရက်တစ် လူငယ်ကောင်စီပြော

NUCC တွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဒီမိုကရက်တစ် လူငယ်ကောင်စီပြော

597

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ-NUCC တွင်အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျရောက်သည့် ဒီမိုကရက်တစ် လူငယ်ကောင်စီ-DYC ဖွဲ့စည်းခြင်း ၄ နှစ်ပြည့် အခမ်း အနား၌ ကောင်စီဥက္ကဌက ပြောဆိုလိုက်သည်။

ဒီမိုကရက်တစ် လူငယ်ကောင်စီ အနေဖြင့် လူငယ်များအသံ၊ ပြည်သူလူထု၏ ဆန္ဒနှင့် ယုံကြည်ချက်များအား ပိုမို ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ‌ရေး ကဏ္ဍတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်လိုခြင်းဖြစ်သည်ဟု အဆိုပါကောင်စီ ၄ နှစ်ပြည့် တော်လှန်ကြေညာ စာတမ်း၌ ကောင်စီ ဥက္ကဌ ဂျေဆန်က ပြောဆိုထားသည်။

အဆိုပါ လူငယ်ကောင်စီ ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနဒုဗိုလ်မှူးကြီး (ငြိမ်း)ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကောင်စီသို့ သဝဏ်လွှာများ ပေးပို့ခဲ့သည်။

“လူငယ်အင်အားနဲ့ လေးနှစ်တိတိ ဦးဆောင်လုပ်လာနိုင်ခဲ့တာ ချီးကျူးတယ်။ အရမ်းလည်း သဘောကျတယ်။ လူငယ်တွေမှာ အားအင်တွေအများကြီးရှိတယ်။ လိုလားစိတ်တွေလည်း အရမ်းများတယ်။ ရှေ့တွန်းပေးနိုင်လို့ရှိရင် ပိုပြီးအောင်မြင်တတ်တယ်။ ရှေ့တန်းမှာ လူငယ်တွေ လုပ်နေတာ အရမ်းအရေးကြီးတယ်။ သူတို့ကိုယ်တိုင်လည်း အနာဂတ်ပဲ” ဟု ပါမောက္ခဒေါက်တာမီမီဝင်းဘတ် အခမ်းအနား၌ ယခုလို အားပေးစကား ပြောဆိုသည်။

ထို့ အပြင် တော်လှန်ရေး အင်အားစုများ အနေဖြင့် အာဏာရှင်စနစ်ကို ဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် သွားရမည်ဖြစ်သည်။ ဖြိုဖျက်-တည်ဆောက် (Demolished-Reconstruct) လုပ်ငန်းများသည် စနစ် တွင်သာမက နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုစီးပွါးရေး (ပညာ/ကျန်းမာ)အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် လုပ်ငန်းများ၊ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ဒီမိုကရေစီ အလေ့အထများ ကျင့်သုံးရေး၊ တရားမျှတရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျှင် ကျရူံးနိုင်ငံ(Failed State)မှ လွတ်ကင်း နိုင်မည်ဟု လူငယ်ကောင်စီ၏ တော်လှန်ကြေညာစာတမ်း၌ ဖော်ပြထားသည်။

ယခုလို နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် ကျဆုံးရေးအတွက် လူငယ်အားဖြင့် ပါဝင်နေသည်မှာ ထင်ရှား ပေါ်လွှင်နေသည့် ဒီမိုကရက်တစ် လူငယ်ကောင်စီကို လေးစားဂုဏ်ပြုလိုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌနက DYC တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဒီမိုကရက်တစ် လူငယ်ကောင်စီ- DYC ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် နှစ်ငါးလုံး (၂၂၂၂၂) ဆန္ဒထုတ်ဖော်ပွဲနေ့တွင် လူငယ်များက စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကောင်စီတည်ထောင်ခြင်း ၄ နှစ်ပြည့် ပြီးဖြစ်ကြောင်း သိရသည်။