ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ခြောက်သောင်းခွဲကျော် (၆၅,၈၀၀ ဦး) ရှိလာကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Fe5 Tanintharyi က ယမန်နေ့ (ဇန်နဝါရီလ ၁၅) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရက်ရှည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း ၃၈ ကြိမ် ထက်မနည်းဖြစ်ပွားသည့် အခြေအနေများကြောင့် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ (၂၅,၉၀၀) ခန့်ရှိလာသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုလို စစ်ဘေးရှောင်နေရသူအများစုသည် နီးစပ်ရာ တော၊ တောင်၊ ခြံ၊ ရွာ နှင့် မြို့ပေါ်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်ကြသေးကြောင်း Fe5 Tanintharyi အဖွဲ့၏ အယ်ဒီတာကိုကျော်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “အများစုက နီးစပ်ရာ တောတောင်တွေ၊ ဥယျာဉ်ခြံတွေထဲမှာ စုဖွဲ့ပြီးနေကြရပြီးတော့ တိုက်ပွဲဖြစ်ရင် ထွက်ပြေးကြတယ်။ ငြိမ်သွားရင် ပြန်လာပေါ့။ အချို့တွေကတော့ အိမ်မီးရှို့ခံရလို့ ပြန်မရ တော့တာလည်း ရှိပါတယ်။အရင်က ခဏလောက် ပစ်ခတ်ပြီးရင် ငြိမ်သွားတာဆိုတော့ ရက်ပိုင်း လောက်နဲ့ ပြန်လို့ရကြတယ်။ အခုနောက်ပိုင်းတော့ စစ်ကောင်စီက ရက်ရှည် စစ်ကြောင်းထိုးတာများလာတော့ လချီစစ်ရှောင်ရတာတွေလည်း များလာတယ်” ဟု ပြောသည်။
ထို့အပြင် ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှု ကြောင့် အရပ်သားပြည်သူ (၃၄၀) ထက်မနည်း ဖမ်းဆီးခံရသလို (၇) ဦး သတ်ဖြတ်ခံရပြီး ဒေသခံ နေအိမ် (၂၆၀) ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု Fe5 Tanintharyi အဖွဲ့ ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ လူဦးရေ သုံးသန်းခွဲကျော်ရှိပြီး ထိုအထဲတွင် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြောင်း UNOCHA Myanmar ထုတ်ပြန်ချက်အရ သိရသည်။



















