Home သတင်း ကရင်ရိုးရာ ဒုံး မေဂျာကို ရန်ကုန် အနုပညာတက္ကသိုလ်၌ စတင်သင်ကြား

ကရင်ရိုးရာ ဒုံး မေဂျာကို ရန်ကုန် အနုပညာတက္ကသိုလ်၌ စတင်သင်ကြား

979
Photo- KIC/ SAW MYINT THU FB

ဇန်နဝါရီ ၁၆ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ရိုးရာဒုံးကို အဓိက ဘာသာရပ်တစ်ခုအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်မှစ၍ သင်ကြားနေပြီး ဖြစ်သည်ဟု ကရင်ဒုံးသင်ရိုးညွှန်တမ်းရေးဆွဲနေသူ ဒုံးဆရာစောမြင့်သူက ပြောသည်။

ယခုလို စတင်သင်ကြားနေပြီး ဖြစ်သည့်အတွက် သင်တန်းသားများသည် သတ်မှတ်သင်ရိုးညွှန်းတမ်းအတိုင်း ၄ နှစ်တက်ရောက်ပြီးပါက ဒုံးဘာသာရပ် ဝိဇ္ဇာဘွဲ့ ရရှိမည် ဖြစ်သည်ဟု ဆရာစောမြင့်သူက ယခုလို ပြောသည်။

“အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်ရန်ကုန်မှာ ကရင်ဒုံးမေဂျာနဲ့ သင်ရိုးညွှန်းတမ်းဆွဲပြီး ဒီနှစ်ကစပြီး သင်နေပါတယ်။ သင်ရိုးညွှန်းတမ်းက သင်ရင်းဆွဲရင်းပေါ့။ နောက်၄ နှစ်ဆိုရင်တော့ ကရင်ရိုးရာဒုံးအကနဲ့ ဘွဲ့ယူလို့ ရပြီးပေါ့။ အခုချိန်မှာလည်း သူတို့ဘွဲ့ယူတာ ကရင်ယဉ်ကျေးမှုဆိုင်ရာ ကျမ်းတွေနဲ့ယူတာရှိတယ်။ သဘင်ဘွဲ့ပဲ ဖြစ်ဖြစ်၊ ဂီတဘွဲ့ပဲဖြစ်ဖြစ် ကရင်ကျမ်းနဲ့ပဲယူတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo- KIC/ SAW MYINT THU FB

ယခုလိုစတင် သင်ကြားရာ၌ ရိုးရာဒုံးကို ခေတ် ၄ ခေတ်ဖြင့် သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းပထမနှစ်တွင် ရှေးလူကြီးများဒုံးအက(ယှာ့လ်ုဖလုံ)၊ ဒုတိယနှင့်တွင် ပဒေသရာဇ်ခေတ် ဒုံးအကများ၊ တတိယနှင့်တွင် ကိုလိုနီ ခေတ် ဒုံးအကစသည့် အကများကို လေ့လာသင်ယူရမည်ဖြစ်သည်။ နောက်ဆုံးနှစ်တွင် မျက်မှောက် ခေတ်ဒုံးအကနှင့် ကျမ်းတင်ဘွဲ့ယူရမည်ဖြစ်သည်ဟု ဒုံးသင်ရိုးညွန်းတမ်းရေးဆွဲသူ စောမြင့်သူက ပြောသည်။

ထို့အပြင် ယခင်နှစ်တွင်လည်း သဘင်ပညာဘာသာရပ်၊ ဂီတပညာဘာသာရပ် သင်ယူသူများလည်း နောက်ဆုံးနှစ် ကျမ်းတင်သည့်အချိန်တွင် ကရင်ဒုံးအကဖြစ်သည့် မောင်ယို့ဒုံး၊ လူပျိုကြီးဒုံး၊ ၁၂ လရာသီဒုံးနှင့် ကျွဲဒုံးစသည့် ဒုံး အကများနှင့် အချက်အလက်ပြုစုကာ ဘွဲ့အတွက် ကျမ်းပြုစုခြင်းများလည်းရှိသည်ဟု သိရသည်။

တက္ကသိုလ်အဆင့်တွင် ကရင်ဒုံးအကကို သမိုင်းအထောက်အထားချန်ထားနိုင်ရန်အတွက် ဝါရင့်ဒုံးဆရာစောမြင့် သူနှင့်အတူ ဒုံးဆရာစောဝဏ္ဏထွန်းတို့က သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆရာ၂ ဦးကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ပြီးခဲ့သည့် ဒီဇင်ဘာလဘွဲ့နှင်းသဘင်အခမ်းအနား၌ ဆရာစောမြင့်သူကို ကရင်ရိုးရာဒုံးအကဆိုင်ရာ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့နှင့် ဆရာစောဝဏ္ဏထွန်းကို ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။