Home သတင်း ဖားကန့် ရွှံ့ကန်ပြိုမှုကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဖားကန့် ရွှံ့ကန်ပြိုမှုကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

586
Photo- Vaticannews

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျောက်စိမ်းတူးဖော်မှုမှ ထွက်ရှိလာသည့် ရွှံ့မြေကန်ပြိုကျမှုကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံလိုက်သည်ဟု ဗာတီကန် သတင်းဌာနက သတင်းဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဗာတီကန်စီးတီး၌ ဧည့်ပရိသတ်များကို အမှာစကားပြောကြားရာ၌ ယခုလို ပြောဆိုတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်၊ ဆိပ်မူကျေးရွာအုပ်စုထဲက စပေါ့ကျေးရွာ၌ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ရွှံ့ကန်ပြိုကျမှု ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရွှံ့ကန်ပြိုကျမှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ၃၂ ဦး သေဆုံးခဲ့ပြီး ယနေ့ ချိန်ထိရှာဖွေကယ်ဆယ်မှုများ ပြုလုပ် နေသည်ဟု ကချင်သတင်းဌာန၌ သတင်းဖော်ပြထားသည်။

‘‘ဒီအဖြစ်ဆိုးမှာ အသက်ဆုံးပါးခဲ့ကြရသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ဆုတောင်း နေပါတယ်။ ဒီညီအစ်ကိုမောင်နှမတွေအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အမေ့ပျောက်ခံ မဖြစ်သင့်ဘဲ အကူအညီတွေ ရသင့်ပါတယ်’’ ဟု ပုပ်ရဟန်းမင်းကြီး က ပြောသည်။

ထို့အပြင် မြန်မာအပါအဝင် စစ်ဖြစ်ပွားနေသည့် အစ္စရေး၊ ပါလက်စတိုင်းနှင့် ယူကရိန်းနိုင်ငံများကိုလည်း မမေ့ကြရန် ဆုတောင်းပေးရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်ဟု ဗာတီကန် သတင်းတွင် ဖော်ပြထားသည်။